Home သတင်း စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြန်လည်ထွက်ခွာစဉ် နင်းမိုင်းများထောင်ထားခဲ့

စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြန်လည်ထွက်ခွာစဉ် နင်းမိုင်းများထောင်ထားခဲ့

461

စက်တင်ဘာလ ၁၉ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာ အတွင်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့်စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာအတွင်း ပြန်လည်ထွက်ခွာသွားစဉ် နင်းမိုင်းများ ထောင်သွားခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပြန်လည်ထွက်ခွာပြီးနောက်ပိုင်း M-14 နင်းမိုင်းအမျိုးအစား အမြောက်အမြားကို ကျေးရွာအတွင်း ထောင်ထားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်မှ ဒေသခံ ပြည်သူများ ပြန်လည် နေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် နင်းမိုင်း ၁၂ လုံးကို ဖယ်ရှားပေးခဲ့ရကြောင်း ကေအဲန်ယူ ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သည့် ကာလအတွင်း ဒေသခံ ပြည်သူ များ၏ နေအိမ် (၂၃) လုံး စပါးကျီ (၃) လုံးနှင့် နွားတင်းကုတ် တစ်လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့သည့်အပြင် ကျေးရွာများထဲ တွင် နင်းမိုင်းများထောင်ထားခဲ့သောကြောင့် နွားတစ်ကောင်လည်းနင်းမိသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူက ဆိုသည်။

KNU တပ်မဟာ (၃) နယ်မြေတွင် စစ်ကောင်စီတပ်၏ လေတပ်အပါအဝင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမြှောက်တပ်နှင့် ကြည်းတပ်မှ အင်အား အလုံးအရင်းဖြင့် ဒေသခံပြည်သူများ၏ ကျေးရွာများ အတွင်းသို့ ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ မှစ၍ ယခုစက်တင်ဘာလ ၁၆ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု (၁၀၁) ကြိမ်၊လက်နက်ကြီးပစ်ခတ်မှု ၄၅၁ ကြိမ်ကို ပြုလုပ်ခဲ့သည်ဟု KNU ၏စာရင်းပြုစုချက်အရ သိရသည်။

ထိုသို့ စစ်ကောင်စီ၏ နင်းမိုင်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက မိုင်းရှင်းလင်းမှုများ လုပ်ဆောင်နေသည့်အပြင် ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေဖြင့်လည်း လုံခြုံသည့်နေရာတစ်ခုတွင် ဒေသခံပြည်သူများကို ယာယီ စခန်း ပြုလုပ်၍ ကူညီမှုများဆောင်ရွက်ပေးနေကြောင်း မုန်းမြို့နယ်ကရင်ကယ်ဆယ်ရေး ကော်မတီ၏ တာဝန်ခံတစ်ဦးက ပြော သည်။

၄င်းက“စကစတွေမိုင်းတွေထောင်းထားတာတွေရှိတယ်။ ရွာတွေဘက်မှာဆိုရင် မိုင်းတွေပေါက်ပြီးတော့ ပြည်သူ နှစ်ဦး ထိခိုက်ပြီး ဆေးကုသမှုခံယူနေရတာရှိတယ်။ နောက်ပြီးတော့ ဒီဘက်ထဲမှာဆိုရင် KNLA ပူးပေါင်းတပ်နဲ့ PDF ပေါ့နော် အဲ့ဒီလူတွေကနေပြီးမှ ကျွမ်းကျင်တဲ့လူတွေက မိုင်းတွေဖော်ထုတ်ထားတာရှိပါတယ်။

ကျောက်ကြီးဘက်မှာဆိုလည်း တိုက်ပွဲမဖြစ်ပဲနဲ့ အဲ့ဘက်တွေကို လေယာဉ်ပျံနဲ့ သွားကြဲတာရှိတယ်။ အခုလက်ရှိဆောင်ရွက်မှုကတော့ လုံခြုံတဲ့နေရာ တွေမှာ ကယ်ဆယ်ရေးစခန်းပုံစံမျိုးတွေ ပြင်ဆင်ပေးတယ်။ ကျနော်တို့အဲ့ဒီ နေရာမှာ ကူညီစောင့်ရှောက်မှုတွေ ကျနော်တို့ပေးတယ်။ ကျနော်တို့လက်လှမ်းမမီတဲ့နေရာမျိုးမှာလည်း လိုက်လို့မရတဲ့အခြေအနေတွေလည်း ရှိနေတာပေါ့နော်”ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုကြောင့် ကေအဲန်ယူတပ်မဟာ ၃ နယ်မြေ အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံပြည်သူစုစုပေါင်း (၁၁,၃၈၇) ဦးသည်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရပြီး လက်ရှိတွင်လည်း စစ်ကြောင်းထိုးမှုများ ဆက်လက်လုပ်ဆောင်နေသေးသည့်အတွက် စစ်ရှောင် နေရသည့်ဒေသခံပြည်သူများလည်း ဆက်လက်တိုးလာနေကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။