သြဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ သြဂုတ်လ ၃ ရက်နေ့နံနက်ပိုင်းမှစ၍ သံလွင်မြစ်ရေတိုးလာသဖြင့် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များ ရေနစ်မြှုပ်နေကြောင်း ဖားအံမြို့ခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းမှစ၍ မိုးရွာသွန်းမှုနှင့် သံလွင်မြစ်ရေတိုးလာခြင်းကြောင့် ဖားအံမြို့ရှိ မြေနိမ့်ပိုင်း နေရာ များဖြစ်သည့် ဆယ်အိမ်စု၊ ဆယ်ပေလမ်း၊ ကိုင်တော စသည့်နေရာများတွင် နေအိမ် ၁၀ လုံးခန့်ရေနစ်မြှုပ်နေပြီး ကုန်းမြင့်သည့်နီးစပ်ရာနေရာထဲသို့ ယာယီပြောင်းရွှေ့ထားရသည်ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “အနိမ့်ပိုင်းအိမ် ၁၀ လုံးလောက်မြှုပ်တယ်။ မြင့်တဲ့နေရာတွေတော့မမြှုပ်သေးဘူး။ ညကလမ်းမှာ ရေမရှိ သေးဘူး။ ဒီမနက်အစောပိုင်းအချိန်မှာ ချောင်းရေတိုးလာတာ။ မြှုပ်တဲ့အိမ်တွေတော့ နေရာပြောင်း ထားတယ်။ ဒီထက်ပိုပြီးရေထပ်တက်လာရင်တော့ ဘုန်းကြီးကျောင်းဘက်ကိုရွှေ့ရမှာပေါ့။ မိုးကလည်း ဆက် တိုက်ရွာနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေတိုးခြင်းကြောင့် မြေနိမ့်ပိုင်းမှနစ်မြှုပ်နေသည့်နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုအဖွဲ့အစည်းများက နေရာပြောင်းရွှေ့ပေးရန် စီစဉ်ပေးနေလျက်ရှိသည်ဟု မြို့ခံများထံ သိရသည်။
ဖားအံမြို့တွင် သံလွင်မြစ်ရေတိုးလာ၍ မြေနိမ့်ပိုင်းရှိ နေအိမ်များ နစ်မြှုပ်မှုဖြစ်ပွားသကဲ့သို့ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ဘက်တွင်လည်း သောင်ရင်းမြစ်နှင့်နီးစပ်သည့်နေရာနှင့် မြေနိမ့်ပိုင်းဘက်တွင် မြစ်ရေတိုးလာ လျက်ရှိကြောင်း မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မိုးရွာသွန်းမှုနှင့် ချောင်းရေမြင့်တက်မှုကြောင့် မြဝတီမြို့၏ သောင်ရင်းမြစ်ရေတိုင်းတာချက်သည် စိုးရိမ်ရေအမှတ်အောက် ၂ ပေခန့်တွင် ရောက်ရှိနေပြီး ဖားအံမြို့သံလွင်မြစ်ရေမှာလည်း စိုးရိမ်ရေအမှတ်အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။



















