Home သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး လေယာဥ်ဝဲပျံမှုများရှိသေး၍ ဒေသခံများ စိုးရိမ်နေ

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး လေယာဥ်ဝဲပျံမှုများရှိသေး၍ ဒေသခံများ စိုးရိမ်နေ

787
Photo: Crd.

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် မှုကြောင့် ဒေသခံအမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့သလို ယနေ့အထိ လေယာဥ်ပျံဝဲမှုများ နေ့စဥ်ရှိ နေသဖြင့် ဒေသခံများ၏ လုံခြုံရေးစိုးရိမ်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁၆)ရက်နေ့နောက်ပိုင်းမှ ယနေ့အထိ စစ်ကောင်စီ၏ လေကြောင်းပျံဝဲမှုများ နေ့စဥ်ရှိလာသောကြောင့် ဒေသခံများလုံခြုံရေးသတိဖြင့်နေထိုင်နေရပြီး အဆိုပါရက်ပိုင်းအတွင်း နေအိမ်တည့်တည့် ဗုံးကြဲပစ်ခတ်မှုကြောင့် အသက်(၇၀)ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ညဘက်ဆို မီးတောင်မထွန်းရဲဘူး၊ လေယာဥ်ကအမြဲဝဲနေတော့ ပထမအလုံး ကျရင် ကံလို့ပဲမှတ်ပြီး ဒုတိယတစ်ခေါက်ထပ်မကြဲခင်မှ ရှောင်ကြတယ်။ အိမ်တိုင်းက ဗုံးခိုကျင်း တွေတူးထားတော့ ညဘက်ကျရင် ဗုံးခိုကျင်းထဲပဲအိပ်ကြတယ်။ တိုက်ပွဲတစ်ခုခုဖြစ်ပြီဆိုတာနဲ့ စစ်တပ်က ရွာတွေဘက်ကိုမဲတော့တာပဲ တစ်နေ့ကလည်း အိမ်တည့် တည့်ကိုပစ်ချလို့ အဘွားတစ်ယောက်ဆုံးတယ်” ဟု ယမန်နေ့က ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်း မြေပြန့်ဒေသရှိကျေးရွာအချို့တွင်မူ လေယာဥ်ပျံဝဲမှုများ နေ့စဥ်ရှိ နေသော်လည်း ဗုံးခိုကျင်းများပြုလုပ်ရန် ပစ္စည်းကိရိယာမစုံလင်သဖြင့် လေကြောင်း ပစ်ခတ်မှု ခံရသည့်အခေါက်တိုင်း လွတ်ကင်းနိုင်မည့်နေရာရှာ၍သာ ပုန်းရှောင်ရကြောင်း မြေပြန့်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

Photo: Crd.

“ဒီနေ့မနက်အထိလည်း ဒရုန်းတွေရှိနေတုန်းပဲ လေယာဥ်ကတော့ အနည်းဆုံး တစ်ရက် တစ်ကြိမ်လောက်ကိုလာတယ်။ နေ့ဘက်ရော ညဘက်ရောပေါ့ ကျနော်တို့ဘက်မှာက တခြား နေရာတွေလို ကျင်းပုန်းလုပ်ဖို့မလွယ်လို့ ပစ္စည်းကိရိယာမစုံတာလည်း ပါတာပေါ့၊ တစ်ခုခုဆို စပါးကျီအောက်ထဲပဲ ပြေးဝင်ကြတယ်။” ဟု ထိုဒေသခံက ပြောသည်။

၎င်းအပြင် မြို့နယ်အတွင်းရှိ စစ်တောင်းမြစ်အရှေ့ဘက်မှကျေးရွာအများစုသည် ပိန်း ဇလုပ် အခြေစိုက်စစ်ကောင်စီတပ်စခန်းနှင့် ကျောက်တံခါးအခြေစိုက်စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများလည်း မကြာခဏခံနေရပြီး လက်နက်ကြီးကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

ထို့အတူ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင် ရောက်စဥ် နေအိမ်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သောကြောင့် ဒေသခံနေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်းလည်း ကေအဲန်ယူအပါအဝင် ဒေသခံများက ပြောဆိုထားသည်။

ယခုလတွင်လည်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်(၃)ခုရှိ မြို့နယ်များသို့ စစ်ကောင်စီက လျှပ်စစ်မီး နှင့်ဆက်သွယ်ရေးများဖြတ်တောက်၍ လေကြောင်းပစ်ခတ်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျေးရွာ(၁၁)ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။