Home သတင်း လက်ခတ်တောင်စခန်းကုန်းကို လေကြောင်းတိုက်ခိုက်ပြီး ထပ်မံစစ်ကြောင်းထိုးရန် စစ်ကောင်စီတပ် ပြင်ဆင်

လက်ခတ်တောင်စခန်းကုန်းကို လေကြောင်းတိုက်ခိုက်ပြီး ထပ်မံစစ်ကြောင်းထိုးရန် စစ်ကောင်စီတပ် ပြင်ဆင်

1040

ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တပ်စွဲထားသည့် လက်ခတ် တောင်စစ်စခန်းကုန်းပေါ်သို့ ယနေ့ ဩဂုတ်လ ၁၈ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံး ၂ လုံးကျဲတိုက် ခိုက်ခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်းများ မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

“လေယာဥ် ၃ စီးလာတယ်။ ဗုံးကြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲတယ်။ တောင်ပေါ်က ဘုရားဆောင် တိုက်ဆောင်တစ်ခု နံရံတွေ ပွင့်ထွက်ပျက်စီးတယ်။ အဆောင်ဘေး နေရာတွေမှာတော့ ဗုံးကြီးကျတာတွင်းချိုင့်ကြီးတွေဖြစ်ကုန်တယ်။ လူတော့ ထိခိုက်တာမရှိဘူး။ ”ဟု KNLA ပူးပေါင်းစစ်ကြောင်းသတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် လေကြောင်းမှ ဗုံးကျဲသည့် ဗုံးကြီးတစ်လုံးမှာ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များ ယာယီတပ်စွဲထားသည့် နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက် သေဆုံးဒဏ်ရာရရှိမှုများရှိကြောင်း ကနဦးသတင်းများ ပျံ့နှံ့နေသော်လည်း ကေအိုင်စီ-ကရင် သတင်းဌာနအနေဖြင့် သီးခြား စုံစမ်းအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီတပ်က မဲကနယ်၊ တုံးတံတား၊ ကျောက်လုံးကြီး ကျေးရွာဘက်က လက် ခတ်တောင်ပေါ်သို့ တောင်တက်လမ်းများအတိုင်း စစ် ကြောင်းထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ရေးလှုပ်ရှားမှုရှိနေသည့်အတွက် တိုက်ပွဲပြင်းထန်မည့် အရိပ်အယောင်တွေ့ရှိရသည်ဟု KNLA ပူးပေါင်းတပ်များဘက်က ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားသည့် လက်ခတ်တောင်ဘုးရားကုန်း စစ်စခန်းအား ပြန်လည်ရရှိရန် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့က လေကြောင်း၊ မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း အကျ အဆုံးများပြားခဲ့သဖြင့် တပ်နောက်ပြန်ဆုတ်ခွာခဲ့ရကြောင်း KNLA ပူးပေါင်းတပ်ထုတ်ပြန်ချက်များအရ သိရသည်။

မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။