Home သတင်း လက်ခတ်တောင်ကို ပြန်ရရန် စစ်ကောင်စီတပ် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ

လက်ခတ်တောင်ကို ပြန်ရရန် စစ်ကောင်စီတပ် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ

1098

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ လက်ခတ်တောင်ဘုရားကုန်းစခန်းကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နံနက်ပိုင်း ၅ နာရီ ကျော်အချိန်မှစတင်ကာ ၁၂၀ မမ လက်နက်ကြီး၊ အတွဲ လိုက်ပစ်ဒုံးများ ဖြင့် အဆက်အပြတ် ပစ်ခတ်နေပြီး မြေပြင်စစ်ကြောင်း ၃ ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တော်လှန်ရေးပူးပေါင်းတပ်စစ်ရေး သတင်းအရင်း အမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ သိမ်းယူထားသည့် လက်ခတ်တောင်ဘုရားကုန်း တာဝါတိုင် စစ်စ ခန်းကို စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် စစ်အင်အား အလုံးအရင်းဖြင့် တိုက်ပွဲဖြစ်နေသည့်အခြေအနေကို KNLA ပူးပေါင်းတပ်စစ်ရေး သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“မနက်ကြီး ၅နာရီ လောက်ကနေ စပစ်ထုတ်တာ အခု ၉ နာရီအထိ မရပ်သေးဘူး၊ လေးကေကော်၊ ဖလူး၊ မေတ္တာလင်းမြိုင်အကုန်လမ်းတွေ ပိတ်ထားတယ်၊ တိုက်ပွဲ က ၄ နေရာလောက် ဖြစ်နေတယ်။ အထိအခိုက်တွေကတော့ ရှိတယ်။ သူတို့ စစ်တပ်ဘက်က ပိုများတယ်။ သူတို့ဘက်က တင့်ကားတွေ၊ ဒုံးစင်ကားတွေနဲ့ ပါ ပစ်နေတယ်။ စစ်ကြောင်းက ၃ ကြောင်းနဲ့ တက်လာတာမှာ တိုက်ပွဲကြီးနေတဲ့ သဘောပေါ့ ”ဟု KNLA ပူးပေါင်းတပ် စစ်ရေး သတင်း အရင်း အမြစ်က ပြောသည်။

ယခု နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပိုပြင်းထန်လာနေပြီး စစ်တပ်လက်နက်ကြီး ပစ်ခတ်သံများ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှအတိုင်းသား ကြားသိ နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်ခတ်တောင် အနီးပတ်ဝန်းကျင်ဆက်သွယ်သွားလာသည့် လမ်းပိုင်းများအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် လေးကေ ကော်၊ ထီးမယ်ဝါးခီး၊ ဘဟိကလော်၊ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင် ကျေးရွာ သားဒေသခံများ နေအိမ်များအတွင်းမှ အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေသူများ ရှိနေကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ဒေသခံတစ်ဦးက “စစ်တပ်နဲ့ BGF က လက်ခတ်တောင်ကို ပြန်သိမ်းမယ်ဆိုပြီး ပြီးခဲ့ တဲ့ ၃ရက်လောက် ကတည်းက လမ်းတွေ ပေးမသွား၊ ပေးမလာတော့ဘူး။ စစ်သားနဲ့ BGF တွေက ရွာ ထဲအိမ်တွေမှာလည်း တက်နေနေကြတာရှိတယ်။ တိုက်ပွဲက လက်နက်ကြီးတွေ နေရာစုံက ပစ်နေတော့ မနေရဲဘူး။ အပြင်ပြောင်းပြေးဖို့လည်း မရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိအချိန်ထိ လက်ခတ်တောင်ဘုရားကုန်း နေရာအနီး တစ်ဝိုက်တွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း၊ စစ်တပ်လေကြောင်းမှဗုံးကြဲရန် ကင်းထောက်ပျံသန်းမှုများရှိနေကြောင်း KNLA ပူးပေါင်းတပ်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။