ဩဂုတ် ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
လတ်တလော ဖြစ်ပွားနေသည့် လက်ခတ်တောင် စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ပွဲ ကြောင့် ဒေသတွင်း ကျေးရွာများမှ ဒေသခံများအချိန်အကန့်အသတ်ဖြင့်သာ သွားလာနေကြရသည်ဟု သိရသည်။
မြဝတီ-ဝေါလေ လမ်းပိုင်းတစ်လျှောက် ကျေးရွာဒေသခံများအပေါ် စစ်တပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ် စစ်ဆေးရေးဂိတ်များမှ အသွားအလာကန့်သတ်စစ်ဆေးနေသည့်အတွက် အခက်အခဲကြုံရပြီး မသွားလာရဲကြကြောင်း ဒေသခံများက ပြောဆိုသည်။
“လက်ခတ်တောင် တိုက်ပွဲဖြစ်နေတော့ ဝေါလေ၊ ဆုံဆည်းမြိုင်၊ ဘလယ်ဒို၊ သေ့ဘောဘိုး၊ ဖလူးက စစ် တပ်တွေ၊ BGF တွေ ဂိတ်ချပြီး ကန့်သတ်စစ်ဆေးတာတွေ ပိုလုပ်လာတယ်။ လမ်းတော့ ပြန်ပေး သွား တယ်၊ လူစိမ်း၊ နယ်စိမ်းကလူတွေ ကားတွေလာလို့ သွားလို့မရဘူး။ ကျေးရွာသားအထောက် အထား ကဒ်ပြတာ၊ ကရင်လက်နက်ကိုင် အထောက်အထားပြတာမျိုးမှ သွားလာခွင့်ရတဲ့ ပုံစံနဲ့ သွားလာရတယ်”ဟု လေးကေကော် ဒေသခံရွာသားတစ်ဦးက ပြောသည်။
ယခုလို အသွားအလာကန့်သတ်ထားသည့် အခြေအနေကြောင့် ဒေသခံအသုံံးပြုသွားလာသည့် ကား၊ ဆိုင်ကယ်၊ ထွေလာ (ထော်လဂျီ)ယာဥ်၊ ထွန်စက်များအား စစ်တပ်မှလမ်းပြခေါ်ဆောင် ချောဆွဲ၊ ပေါ် တာဆွဲထားကာ လက်နက်ခဲယမ်းနှင့် စစ်ကူစစ်သားပို့ဆောင်ခိုင်းမည့်အပေါ် ကျေးရွာအုပ်ချုပ်ရေးပိုင်းက အာမမခံနိုင်သည့် အခြေအနေကြုံရသည့်အတွက် ဒေသခံအများစု လမ်းပိုင်းအသုံးပြုသွားလာသူ မရှိကြောင်း သိရသည်။
“အခုတိုက်ပွဲက ကြီးနေလိုက်၊ ပြန်ငြိမ်နေလိုက် ဖြစ်နေတာ။ ကိုယ်က သွားတဲ့အချိန်နဲ့ ပိတ်မိနေတာမျိုး ဆိုချောဆွဲပေါ်တာဆွဲတာနဲ့ ဖမ်းပြီးငွေညှစ်တာ ခံရနိုင်တယ်။ ဘာမှမသေချာဘူး၊ ဘာမဆိုဖြစ်သွား နိုင်တယ်။ သူတို့ အမြှောက်ပစ်နေရာတွေက လမ်းမဘေးက တောင်ကုန်းတွေမှာ ရှိနေတာ။ အခု ဘလယ်ဒိုမှာ ဂိတ်ကြီးတစ်ခု၊ မေတ္တာလင်းမြိုင်မှာ ဂိတ်ကြီး တစ်ခုရှိတယ်။ ကျန်တဲ့ရွာတွေတိုင်းမှာ စစ် တပ်က လမ်းကင်းထိုး၊ ကင်းပုန်းထိုးထားတာတွေ ရှိနေတယ်၊”ဟု သေ့ဘောဘိုးကျေးရွာ ဒေသခံ တစ်ဦးစက ပြောသည်
လက်ခတ်တောင်ကို တိုက်ခိုက်သိမ်းပိုက်ထားသည့်အပေါ် စစ်တပ်က ပြန်လည်တိုက်ခိုက် ထိုးစစ် ဆင် နေသည့် လဝက်ကျော်အထိကြာလာချိန်တွင် စစ်စခန်းသိမ်းထိုးစစ်တွင် ပါဝင်တိုက်ခိုက်နေသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ အကျအဆုံးများနေကြောင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော်-KNLA ပူပေါင်းကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
လက်ရှိ လက်ခတ်တောင် တိုက်ပွဲနှင့်ပတ်သက်၍ စစ်တပ်၊ BGF တပ်အရာရှိများ အရေးယူခံရမှုတချို့ ရှိနေကြောင်း သတင်းများနှင့် BGF ဘက်မှ စစ်ခေါင်းဆောင်တချို့တို့ KNLA ပူးပေါင်းတပ်များအား လက် ခတ်တောင် ဘုရားကုန်းမှ ဆုတ်ခွာပေးရန် ညှိနှိုင်းမှုများရှိနေကြောင်း စစ်တပ်လူမှုကွန်ရက် စာမျက်နှာ များနှင့် တယ်လီဂရမ်သတင်းချယ်နယ်များတွင် ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်လာလျက် ရှိနေသည်။
အဆိုပါ သတင်းထွက်ပေါ်နေမှုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာနှစ်ဘက်တပ်ဖွဲ့များအပေါ် ဆက်သွယ် မေးမြန်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။



















