Home သတင်း မြန်မာနိုင်ငံအနှံ့ အကူအညီများ ဝင်ရောက်နိုင်ခွင့်ကို တိုးချဲ့ရန်နှင့် ရံပုံ ငွေတိုးမြှင့်ပေးရန် UNOCHA တောင်းဆို

မြန်မာနိုင်ငံအနှံ့ အကူအညီများ ဝင်ရောက်နိုင်ခွင့်ကို တိုးချဲ့ရန်နှင့် ရံပုံ ငွေတိုးမြှင့်ပေးရန် UNOCHA တောင်းဆို

784
Photo: UNOCHA

ဩဂုတ် ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths က လူသားချင်းစာနာထောက်ထားရေး အကူအညီလိုအပ်နေသော မြန်မာနိုင်ငံအနှံ့ရှိ လူပေါင်း ၁၈ သန်းအတွက် နိုင်ငံအတွင်း အကူအညီဝင်ရောက် နိုင်ခွင့်ကို တိုးချဲ့ရန်နှင့် ရံပုံငွေတိုးမြှင့်ပေးရန် ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် တောင်းဆိုထားသည်။

UNOCHA အကြီးအကဲ Mr. Martin Griffiths သည် ပြီးခဲ့သည့် ဩဂုတ်လ(၁၅)ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်ကောင်စီအပါအဝင် မိုခါမုန်တိုင်းဒဏ်နှင့် ပြည်တွင်း ပဋိပက္ခများကြောင့် ထိခိုက်ခံစား ခဲ့ရသော ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းရှိ ပြည်သူများနှင့် တွေ့ဆုံမှုအပြီးတွင် ထိုသို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေဟာ covid-19ကြောင့်ရော ပြည်တွင်း ပဋိပက္ခတွေနဲ့ မုန်တိုင်းဘေးဒဏ်ရဲ့ ရိုက်ခတ်မှုကြောင့်ရော ရုန်းကန်နေကြရပါတယ်။ ကျနော်တို့တွေ ရခိုင်အပြင် နိုင်ငံအနှံ့ အကူအညီတွေပိုမိုလုပ်ဆောင်နိုင်ဖို့ အဆင် သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အရေးပေါ်အားဖြင့် ဝင်ရောက်ခွင့်အကူအညီတွေနဲ့ ရံပုံငွေတွေ လိုအပ်နေပါတယ်”ဟု Mr. Martin Griffiths က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် ဆက်တိုက်ဆိုသလိုဖြစ်ပွားနေသော အကြပ်အတည်းများကြောင့် နိုင်ငံ့လူဦးရေ၏သုံးပုံတစ်ပုံသည် အကူအညီရရှိရန် လိုအပ်နေသလို နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ပိုမိုကောင်း မွန်သောအကူအညီများရရှိရန် မျှော်လင့်နေသည်ဟူ၍လည်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။

UNOCHA ၏ ထုတ်ပြန်ချက်အရ ယခင်နှစ်များအတွင်း မြန်မာနိုင်ငံရှိ လူသားချင်းစာနာသည့်အကူအညီ လို အပ်နေသူ ပိုမိုများပြားလာသလို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေသည် ၂၀၂၁ ခုနှစ်၊ နှစ်အစတွင် ၃ သိန်း ကျော်ရှိခဲ့ရာမှ လက်ရှိတွင် ၁.၉ သန်းအထိရှိလာခဲ့ပြီး ၅ ဆ တိုးမြင့်သွားခဲ့သည်ဟုလည်း သိရှိရသည်။

ထို့အပြင် UNOCHA အကြီးအကဲနှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့လာရောက်ရာတွင် သဘာ ဝဘေး အန္တရာယ် နှင့်ပဋိပက္ခများ ဖြစ်ပွားရာဒေသရှိ ပြည်သူများအတွက် တိုက်ရိုက်အကူအညီပေးမှုကိုတိုးချဲ့နိုင်ရန် လိုအပ်သည်များအား စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အကူအညီလိုအပ်မှု မြင့်တက်လာသော်လည်း ရံပုံငွေအကူအညီရရှိမှုသည် တစ်နှစ်ပတ်လုံးတွင် လိုအပ်ချက်၏ ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ကြီးမားသောအရင်း အမြစ်ကွာဟချက်ကို ရင်ဆိုင်နေရသည်ဟု UNOCHA က ဆိုသည်။

အဆိုပါတွေ့ဆုံမှုအပြီး ပဋိပက္ခဒေသများသို့ နိုင်ငံတကာ အကူအညီဝင် ရောက်ခွင့်အတွက် နှစ်ဖက်သဘောတူညီမှု မည်သို့ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီအပါအဝင် UNOCHA မှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာတွင်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပေးမှုများနည်းပါးခဲ့မှုအခြေအနေများနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက် သွားနိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီက အချို့ဒေသများ၊ အထူးသဖြင့်တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲဖြစ်ပွားပြီး နယ်မြေစိုးမိုးမှုနည်းပါးသည့်ဒေသများတွင် စားနပ်ရိက္ခာနှင့်ဆေး ဝါးသယ်ဆောင်ခွင့်ကိုတားမြစ် ဖမ်းဆီးခြင်း တို့ပြုလုပ်နေသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများအား နယ်စပ်ဖြတ်ကျော်အကူအညီများ ပေးရန် အရပ်ဘက် စစ်ရှောင်ကူအသင်းအဖွဲ့များက တောင်းဆိုထားသည်။