Home သတင်း နယ်စပ် ဒုက္ခသည်စခန်းများတွင် ကျောင်းသူ/သား ဦးရေများလာပြီး အကူအညီလိုအပ်နေ

နယ်စပ် ဒုက္ခသည်စခန်းများတွင် ကျောင်းသူ/သား ဦးရေများလာပြီး အကူအညီလိုအပ်နေ

779
Photo: (KRC)

ဩဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း၇ ခု၌ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ကျောင်းသားကျောင်းသူ ဦးရေများလာပြီး စာသင်ဆောင်အဆောက်အဦးနှင့် သင်ထောက်ကူ ပစ္စည်း အကူအညီများလိုအပ်နေကြောင်း ကရင်ဒုက္ခသည်များကော်မတီ -KRCထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း(၇)ခုတွင် ယခုနှစ်ကျောင်းသားဦးရေများပြားလာသည့်အတွက် ကျောင်းသုံး စာအုပ်များမလုံလောက်သည့်အပြင် စာသင်ကျောင်းအဆောက်အဦးများလည်း ပြန်လည်တိုးချဲ့ ဆောက် လုပ်ပြင်ဆင်ရန် အကူအညီမရရှိကြောင်း KRC ပညာရေးတာဝန်ခံ စောဟေစိုးကပြောသည်။

၎င်းက “ ဒီနှစ်က ကျောင်းသားဦးရေတော့ အရမ်းများလာတယ်။ ကျောင်းဆရာ/ မတွေလည်း အကူ အညီအထောက်အပံ့လိုတယ်။ ပြီးတော့ ကျောင်းသားတွေကလည်း ပုံနှိပ်စာအုပ်တွေ မလုံလောက်ဘူး။ ရှိတဲ့ကျောင်းတွေကလည်း အဆောက်အဦးတွေ ပြန်ပြင်ဖို့က အကူအညီမရှိတော့ ပြင်လို့မရဘူး။ ပြီးတော့ ကျောင်းတွေ ထပ်ဆောက်ဖို့လည်း မလုပ်နိုင်သေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒုက္ခသည်စခန်း(၇)ခု၌ ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တွင် မူလတန်းမှ အထက်တန်းအထိ စာသင်ကျောင်းပေါင်း ၄၉ ကျောင်းမှ ကျောင်းသူကျောင်းသားဦးရေ (၁၆, ၀၀၀) ကျော်သာရှိရာမှ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူ/သားဦးရေ (၂၁၂၆၇)ဦးနှင့် ကျောင်းဆရာ/မ ဦးရေ (၈၃၄)ဦးရှိသည်ဟု KRC မှတ်တမ်းအရ သိရသည်။

၎င်းအပြင် ဒုက္ခသည်စခန်းတွင် အထက်တန်းပညာပြီးဆုံးသွားသည့် ကျောင်းသူကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် ဖွင့်လှစ်ထားသော အထက်တန်းလွန် Post- Ten (၉)ကျောင်းတွင်လည်း ကျောင်းသူ/သားဦးရေ (၁၀၈၇)ဦးရှိသည်ဟု KRCက ပြောသည်

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်၍ နယ်စပ်ဒုက္ခသည်စခန်းများအတွင် ပညာရေး အထောက်အပံ့များ အ ဆမတန်နည်းလာပြီး စာသင်ကြားပေးသည့် ကျောင်းဆရာ/မ (၄၆၅)ဦးအတွက်သာ လစဉ် အထောက်အပံ့ရပြီး တစ်ဦးလျှင် ဘတ်တစ်ထောင်နှုန်းသာ ထောက်ပံ့ပေးနိုင်ကြောင်း ဒုက္ခသည် ကော်မတီဆိုင်ရာပညာရေးအဖွဲ့ -KRCEE ထံမှ သိရသည်။

ထို့အတူ ၎င်းဒုက္ခသည်စခန်းများရှိ မူကြိုကျောင်း ၄၇ ကျောင်းအတွက် အကူအညီရရှိမှု အလွန် နည်းပါးသဖြင့် ဒေသအတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများကသာ ပြန်လည် ကူညီ ထောက်ပံ့ရသည်ဟု သိရသည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ပြောင်းလာနေသည့် ကျောင်းသားမိဘ နန်းမူးက “ ကျမတို့ရွာမှာက ကျောင်း ဖွင့်တယ်။ ဒါပေမယ့် အခြေအနေက အမြဲနားစွင့်ပြီးနေရတယ်။ လက်နက်ကြီးတွေလည်း ခဏခဏ ပစ်တယ်ဆိုတော့ စိတ်ချလက်ချနဲ့ ကလေးတွေကို ကျောင်းမထားရလို့ ဒုက္ခသည်စခန်းမှာ ပြန်လာ ထားတာ။ ကျမတို့က အရင်ကတည်းက စခန်းမှာနေခဲ့တာ။ ခေတ်ကောင်းပြီးထင်လို့ ရွာမှာပြန်နေပြီး အခု တစ်ဖန်ဒီကိုပြန်လာဝင်နေရတာ”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်တွင် မြန်မာပြည်တောင်ပိုင်းဒေသရှိ ကေအဲန်ယူ ထိန်း ချုပ် နယ်မြေများတွင် တကျော့ပြန်တိုက်ပွဲများပြန်လည်ပြင်းထန်လာသည့်အတွက် စာသင်ကျောင်း အမြောက်အများပိတ်လိုက်ရပြီး ကျောင်းသူကျောင်းသား အများအပြားလည်း နီးစပ်ရာ နယ်စပ် ဒုက္ခသည်စခန်းများသို့ သွားရောက်တိမ်းရှောင်ကာ ဆက်လက်ပညာသင်ယူကြရသည်ဟု သိရသည်။