Home သတင်း နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ဒေသခံများ စပါးစိုက်ရန်ခက်ခဲ

နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် ဒေသခံများ စပါးစိုက်ရန်ခက်ခဲ

797

ဩဂုတ်လ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိကျေးရွာများတွင် ယခုလို မိုးတွင်းကာလအတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသောကြောင့် လယ်သမားများအနေဖြင့် စပါးစိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လပထမအပတ်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားလာပြီး စစ်ဘေးတိမ်းရှောင်နေရမှုများ ရှိနေသောကြောင့် ဒေသခံလယ်သမားများအနေဖြင့် မိုးရာသီတွင် စပါးစိုက်ပျိုးခွင့်မရတော့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

၎င်းဒေသခံ “ဒီနှစ်မှာက စစ်ရှောင်ရတဲ့အချိန်တွေက များတယ်။ ခါတိုင်းဆို ဒီမှာက မိုးရာသီနှစ်တိုင်း စပါးစိုက် နေကြအချိန်ကောင်းပဲ။ အခုကျတော့ တိုက်ပွဲတွေ ဖြစ်နေတယ်လေ။ အဲ့ဒါကြောင့် ဘယ်သူမှ လယ်မစိုက်ရဲကြ တော့ဘူး။ လက်နက်ကြီး အသံကြားတာနဲ့ ပြေးနေရတာဆိုတော့။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က အထိုင်ချကာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် စပါးစိုက်ပြီးသားသူများအနေဖြင့်လည်း စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု အမည်မဖော်လိုသူ လယ်လုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။

“တချို့ပိုက်ဆံ နည်းနည်း တတ်နိုင်တဲ့သူတွေကတော့ စိုက်ကြတယ်။ ဒါပေမဲ့ စစ်တပ်က ရွာတွေအထိဝင်ပြီး အထိုင်ချပြီး အလုံးကြီးတွေကိုသူတို့ ပစ်ချင်သလိုပစ်နေတာ။ အဲ့တော့ စပါးစိုက်ထားတဲ့သူတွေလည်း သူလို ကိုယ်လိုပဲ စစ်ရှောင်ရတာဆိုတော့ ဒီတိုင်းပဲပစ်ထားရတော့ နွားဝင်ပြီးနင်းလိုက်စားလိုက်နဲ့။ အရှုံးပေါ်တာတွေ ရှိတာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို နယ်မြေအတွင်း စစ်ကောင်စီဘက်မှ ဆက်တိုက်စစ်ကြောင်းထိုးလာခြင်းမှာ နယ်မြေထိန်းချုပ်နိုင်စွမ်း လျှော့နည်းလာသည့်အပေါ် စစ်ကြောင်းကို အရောင်ပြဝင်ရောက်ခြင်းသာဖြစ်ကြောင်း နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောသည်။

တနင်္သာရီမြို့နယ်အပြင် ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များတွင်လည်း ဆန်ကြမ်းဈေးနှစ်ဆကျော် မြှင့်တက်လာ ခြင်းကြောင့် ဒေသခံများစုမှာ ဆန်ကို အိတ်လိုက်မဝယ်စားနိုင်တော့ဘဲ ဗူးလိုက်အနေအထားဖြင့်သာ ဝယ်စားနိုင်တော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။