ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တွင် ဩဂုတ်လ(၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ရပ်ကွက်(၁)ရှိ ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
ထိုနေ့ ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းမှ လူနေရပ်ကွက်များရှိရာသို့ လက်နက်ကြီး များပစ်ခတ်ခဲ့၍ နေအိမ်(၃) လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“ကျနော်တို့သွားထွက်ကြည့်တာတော့ အိမ်(၃)လုံးထိတယ်၊ လက်နက်ကြီးဆိုတော့ လက်နက်ကြီးအစတွေစင်တာပေါ့။ မြို့ထဲမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ အသံဗုံး သူများပစ်သံကြားတော့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပြန်ပစ်တယ်လို့ပဲ ယူဆရပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသော နေအိမ်(၃)လုံးအနက် ပျက်စီးမှုများသော နေအိမ်(၁)လုံးမှာ လူနေထိုင်သူမရှိသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသလို ကျန်လူနေထိုင်မှုရှိသော နေအိမ်(၂)လုံးမှာလည်း ခေါင်မိုးထိခိုက် ပျက်စီးခြင်းသာရှိသည်ဟု ထိုဒေသခံက ဆက်ပြောသည်။
အမည်မဖော်လိုသူဒေသခံအမျိုးသမီးတစ်ဦးကလည်း“လူထိခိုက်မှုတော့မရှိဘူး ။ တခြားအိမ်တွေကျည်စင်တာတော့ရှိတယ်။ ဖာလာလုပ်ဖို့နီးလာပြီဆိုတော့ တော်တော် များများက ဖာလာခြံတွေထဲမှာပဲနေကြတယ်။ အဲ့ဒါကြောင့် တော်သေးလို့ လူမထိ သွားတာ” ဟု ပြောသည်။

ဩဂုတ်လ(၂၂)ရက်နေ့ မတိုင်ခင်ရက်များတွင် မြို့အတွင်း ပစ်ခတ်မှုများရှိခဲ့ကြောင်း နီးစပ်ရာဒေသခံအချို့က ပြောဆိုကြသော်လည်း သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်း မျိုး မတွေ့ရှိရသေးပေ။
အဆိုပါ ဘုရင့်နောင်တပ်စခန်းမှ စစ်ကောင်စီတပ်များသည် မြို့နယ်အတွင်း နှစ်ဖက် ပစ်ခတ်မှုများဖြစ်ပွားရာတွင် ကူညီပစ်ခတ်မှုများလုပ်ဆောင်ပေးလေ့ရှိသလို ညအချိန် စခန်းအနီး မသင်္ကာစရာတွေ့ရှိပါကလည်း ခြိမ်းခြောက်ပစ်ခတ်ခြင်းများ လုပ်ဆောင်မှု ရှိကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရှိရသည်။
အလားတူ သံတောင်(၁၃)မိုင်မြို့တွင် နယ်မြေခံကာကွယ်ရေးတပ်များနှင့် စစ်ကောင် စီတို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသော ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ၎င်းဘုရင့် နောင်တပ်စခန်းမှ လက်နက်ကြီး(၁၀)ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ပေးသဖြင့် (၁၃)မိုင်နှင့်ပျားစခန်းအနီး လိပ်သိုလမ်းခွဲနံဘေးရှိ ငွေတောင်ကလေးကျေးရွာ ဆေးပေး ခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရသေးသည်။



















