Home သတင်း လက်ခတ်တောင် တာဝါတိုင် စစ်စခန်းအား တိုက်ပွဲကြီးစစ်ဆင်ပြီး သိမ်းပိုက်မည့်သတင်းများ ထွက်ပေါ်နေ

လက်ခတ်တောင် တာဝါတိုင် စစ်စခန်းအား တိုက်ပွဲကြီးစစ်ဆင်ပြီး သိမ်းပိုက်မည့်သတင်းများ ထွက်ပေါ်နေ

564

ဩဂုတ်လ ၂၂ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်က မြဝတီ မြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်စစ်စခန်း ပြန်ရရှိရေး ထိုး စစ်ဆင် တိုက်ပွဲကြီးတိုက်ခိုက်ရန် စစ်ကူအင်အားလက်နက်ခဲယမ်းအင်အား ဖြည့်တင်းမှုများ နေ့စဥ် လုပ်ဆောင်နေကြောင်း ဒေသခံအရပ်သားများက ပြောသည်။

လက်ခတ်တာ စစ်စခန်းကို တိုက်ခိုက်နေမှုတစ်လကျော်ကြာပြီဖြစ်သော်လည်း သိမ်းပိုက်မရရှိသေး သည့်အခြေအနေအပေါ် လက်ရှိတွင် စစ်ကူအင်အားလက်နက်ခဲယမ်းအင်အား ဖြည့်တင်းမှုများ နေ့စဥ် လုပ်ဆောင်နေသည့်အတွက် စစ်တပ်တပ်စွဲထားသည့် နေရာအနီးရှိ ရပ်ကွက် ဒေသခံများအား ဖိအား ပေးနေရာရွှေ့ပြောင်း ခိုင်းနေကြောင်းဒေသခံ စစ်ဘေးရှောင် ရပ်ကွက်သားများက ပြောသည်။

“အခု ထို့ကော်ကိုးလမ်းကနေစစ်ကူတွေ အမြှောက်ကျည်တွေသယ်နေတယ်။ မေတ္တာလင်းမြိုင်ရွာက BGF စခန်းမှာ သူတို့စစ်ကြောင်းထိုးဖို့ လက်နက်ကြီးပစ်ဖို့တွေ ပြင်ဆင်နေတယ်၊ ကျောက်လုံးကြီး ရပ်ကွက်၊ ထိုင်တော်မူဘုရားကုန်းတို့ ၊ စစ်မှုထမ်းဟောင်းရပ်ကွက်တို့က လူတွေကိုရှောင်ခိုင်းထားတယ်၊ တောရကျောင်းမှာ သွားနေကြပေါ့ဆိုတာမျိုး လုပ်နေတယ်။ ”ဟု ထိုင်တော်မူဘုရားကုန်းအနီး နေထိုင်ရာမှ ရွှေပြောင်းနေရသည့် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များ လက်ခတ်တောင်ပေါ်ရှိ စစ်ကောင်စီတာဝါတိုင် စစ်စခန်းနှင့် BGF -နယ်ခြားစောင့်တပ် စခန်း ကုန်များ အား တိုက်ခိုက်သိမ်းယူထားသည်မှာ ယခုဩဂုတ်လ ၂၂ ရက်အထိ တစ်လကျော် ပြန်တိုက်ယူနေသည့် ကာလအတွင်း လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကြောင်းများ ၁၀ကြိမ် ထက်မနည်း တိုက်ခိုက် သော်လည်း အကျအဆုံးများပြီး ပြန်ဆုတ်ခွာရသည့် အခြေအနေနှင့် ကြုံနေရကြောင်း စစ်တပ် နှင့် နီးစပ် သည့် သတင်အရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း လက်ခတ်တောင်စစ်စခန်းကုန်းကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ဘုရားစေတီများ၊ ကျောင်း ဆောင်များ ပြိုကျပျက်စီးမှု အများအပြားရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။

စစ်တပ်နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က“ အခုတိုက်ပွဲ နားနေတာ ၅ ရက်ရှိပြီ ၊ စစ်ကူတွေခဲယမ်းတွေ၊ လက်နက်ကြီးကျည်တွေ ဖားအံဘက် ကနေတဆင့် ထို့ကော်ကိုးလမ်းကနေ တက်လာနေတာ မနေ့က မြဝတီကြံခင်းရပ်ကွက် လမ်းကနေ မေတ္တာလင်းမြိုင်ဘက်ကို စစ်ကား အစီး ၃၀ လောက်ဝင်သွားတယ်။ အဲဒီမတိုင်ခင်ကလည်း တစ်နေ့ စစ် သားတင်ပြီး သွားနေတဲ့ကား ၁၀ စီးလောက်ကတော့ သွားနေတယ်စစ်ကူတွေ၊ လက်ခတ်တောင် တိုက်ဖို့ကိုပေါ့နော်”ဟု ပြောသည်။

လက်ခတ်တောင် တိုက်ပွဲဖြစ်နေသည့် အနီးဆုံးတောင်ခြေရှိ မေတ္တာလင်းမြိုင် ကျေးရွာသားများ မြဝတီ မြို့ဘက်နှင့် လေးကေကော်မြို့သစ်ရပ်ကွက်များဘက် လူဦးရေ ၅၀၀ ကျော် စစ်ဘေးရှောင်နေကြရပြီးအဆိုပါ စစ်ဘေးရှောင်နေရသူများအား စစ်ဘေးရှောင်နေရသည့်ကိစ္စကို ပြင်ပသို့ ဆက်သွယ်ပြောဆို အကူအညီ ရယူမှုများရှိပါက မေတ္တာလင်းမြိုင်ရွာရှိ နေအိမ်ခြံဝင်းများအား BGF တပ်ပိုင် အဖြစ် ပြန်လည်သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း စစ်ဘေးရှောင်နေထိုင်နေရသူများ ပြောစကားအရ သိရသည်။

လက်ရှိ စစ်ကောင်စီတပ်နှင့် BGF တပ်များက စစ်ကူအင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးပစ်ခတ်နေရာ များ အသစ်တိုးချဲ့တပ်ဆင်နေရာချနေခြင်း၊ စစ်ကြောင်းကြီး ၃ကြောင်းဖြင့် လက်ခတ်တောင် အား တက် ရောက်သိမ်းပိုက်ရန် စစ်ရေးအစီအစဥ်များ လုပ်ဆောင်နေပြီး မကြာခင် ရက်များအတွင်း စစ်စခန်း အရ သိမ်းပိုက်ရန် စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်များ၊ တိုင်းမှူးများမှ ဖိအားပေး လုပ်ဆောင် ခိုင်းနေ သည့်အတွက် တိုက်ပွဲကြီးအပြင်းအထန်တိုက်ခိုက်မည့် သတင်းများကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ် နေ ကြောင်း မြဝတီမြို့ခံများ ပြောစကားအရ သိရသည်။