သြဂုတ်လ ၁၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိထားသော လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရေး ကြိုးပမ်းတိုက်ခိုက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံတိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦး သေဆုံးကာ ၃၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် တော်လှန် ရေးပူးပေါင်း တပ်ဖွဲ့များမှ လက်ခတ်တောင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားပြီးနောက် ၎င်းစခန်းကုန်း ပြန်လည်ရရှိ ရေးအတွက် စစ်ကောင်စီဘက်မှ အပြင်းအထန် ကြိုးပမ်းနေပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်း ထိုးခြင်းအပြင် လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် နှစ်ဖက်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လက်ခတ်တောင်စခန်းကုန်သည် စစ်ကောင်စီတပ်၏ စစ်ရေးနည်းဗျူဟာတွင် အချက် အချာကျသည့် စခန်းကုန်းဖြစ်သောကြောင့် စခန်းကုန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ၏ တပ်မ ၄၄ မှူး၏ ညွှန်ကြားချက်ဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုသို့ စစ်ကြောင်း ထိုးဝင် ရောက်လာသည့် စစ်ကောင်စီဘက်မှ ယခုလို အထိအခိုက် အကျအဆုံးများစွာရှိလာခြင်းဖြစ်သည်။
နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသလို ကော်ဘရာစစ်ကြောင်း ဦးဆောင်သည့် KNLA ပူးပေါင်းတပ်ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဒရုန်း တစ်စင်းလည်း ဆုံးရှုံးခဲ့ကြောင်း၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ဘာသာရေး အဆောက်အအုံး ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းဘက်က ပြောဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်နေ့တွင်လည်း လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် အတွက် စစ်ကြောင်းထိုးလျက်ရှိနေသည့် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၁၁၈) မှ ဒု-တပ်ကြပ် (၁) ဦး နှင့် တပ်သား (၁) ဦးလည်း (KNLA) ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့် အတူ လာရောက် ပူးပေါင်းခဲ့သေးသည်။
ထိုသို့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။
လတ်တလောတွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ညကလည်း လက်ခတ်တောင် စခန်း ကုန်းကို လက်နက်ကြီးအပြင် တိုက်လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နီးစပ်သည့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။



















