ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မော်ပယ်ခို့ကျေးရွာ ကော်သူးလေစာသင်ကျောင်းတွင် ကရင့်ရိုးရာဝါခေါင်လလက်ချည်(လိပ်ပြာခေါ်ခြင်း)ပွဲ အခမ်းအနားအား ယနေ့ ဩဂုတ်လ(၂၉)ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမျိုးမျိုးသောအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရချိန် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများအားလုံးအနေဖြင့် ယခင်ခက်ခဲခဲ့ရ သည့်အခြေအနေများနှင့် မိမိတို့လူမျိုးရေးအတွက် အကျိုးရှိနိုင်မည့်နည်းအား ပြန်လည်စဥ်းစားရမည်ဖြစ်သည်ဟု အခမ်းအနားသို့တက်ရောက်လာသူ KNU တပ်မဟာ (၇)၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒိုက ယခုလိုတိုက်တွန်းပြောဆိုသည်။
“ကရင်လူမျိုးတွေ ဘယ်ကနေဆင်းသက်လာတာလဲ ဘာတွေလုပ်ခဲ့ကြလဲ၊ ဘယ်နေရာတွေမှာနေထိုင်ခဲ့ကြလဲ၊ လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကိုယ့်လူမျိုးတွေအတွက် ဘယ်လောက်အကျိုးရှိခဲ့လဲဆိုတာ ဒီနေ့ပြန်ပြီးသေချာစဥ်းစားရမယ်။ အားလုံး စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်။” ဟု စောဖောဒိုက ပြောသည်။
ထို့အတူ မိခင်အဖွဲ့အစည်းမှ ချမှတ်ထားသောမူဝါဒများကိုလည်း လိုက်နာကျင့်သုံး လုပ်ဆောင်ရန်လိုအပ်သလို ပြည်တွင်းပြည်ပရှိ ကရင့်လူမျိုးများအနေဖြင့်လည်း တစ်ခု တည်းသော ကရင်အလံတော်အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်၍ ဖြည့်စွက်တိုက်တွန်းထားသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မော်ပယ်ခို့ကျေးရွာတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ကရင့်ရိုးရာ လက်ချည်(လိပ်ပြာခေါ်ခြင်း)ပွဲ အခမ်းအနားသို့ KNU သစ်တောဌာနမှူး ပဒိုမန်းဘထွန်း၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ တပ်မဟာမှူး စောဖောဒို အပါအဝင် ခရိုင်နှင့်နယ်မြေတာဝန်ရှိသူများ၊ ကျောင်းသားလူငယ်များ၊ ဒေသခံများ စုစုပေါင်း ၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့တက်ရောက်လာသူ အမျိုးသမီးတစ်ဦးကလည်း “ကရင့်ရိုးရာလက်ချည်ပွဲက ကရင်လူမျိုးတွေအတွက် ရှေးကရင်လူကြီးတွေ ထားပေးခဲ့တဲ့ရိုးရာဖြစ်တယ် တစ်နှစ်တစ်ခါပြန်လုပ်ရတယ်။ ပြန်မလုပ်ရင်ရိုးရာကပျောက်ကွယ်သွားမယ်။ ဒါကြောင့် တစ်နှစ်တစ်ခါ ပြန်လုပ်ကြတာဖြစ်တယ်။ ကိုယ့်ရဲ့ရိုးရာမပျောက်ပျက်ဖို့ လူကြီးတွေရော နောင်လာနောင်သားတွေမှာပါ တာဝန်ရှိတယ်” ဟု ဆိုသည်။
အဆိုပါလက်ချည်ပွဲအခမ်းအနားသို့ တက်ရောက်လာသောတာဝန်ရှိသူများက ကရင့်ရိုးရာလက်ချည်ပွဲအတွက် KNU ဗဟိုမှပို့လာသော သဝဏ်လွှာဖတ်ကြားခြင်း၊ လက်ချည်ပွဲဖြစ်ပေါ်လာပုံအား ရှင်းပြပြောဆိုခြင်း၊ လူထုအားပေး တိုက်တွန်းစကားများပြောဆိုခြင်း၊ ရိုးရာ တေးသီချင်း အကအလှများဖြင့် သီဆိုဖျော်ဖြေ၍ လက်ချည်ဖွဲ့ခြင်းအခမ်းအနား ကျင်းပခဲ့ကြသည်။
ထို့အတူ နှစ်စဥ် ဝါခေါင်လရောက်တိုင်း ကျေးရွာ၊မြို့နယ်အဆင့်ဖြင့်လည်းကောင်း ၊ မိသားစုလိုက်လည်းကောင်း ရောဂါဘယကင်းဝေးမှုရှိစေရန်နှင့်စည်းလုံးညီညွတ်ရေး ရှိစေရန် ကျင်းပပြုလုပ်ကြသော ကရင့်ရိုးရာလက်ချည်ပွဲအား ဖားအံခရိုင်အတွင်းရှိ မြို့ရွာအများစုတွင် နိုင်ငံရေးအခြေအနေများကြောင့် အကျဥ်းရုံးဖြင့်သာ ကျင်းပပြုလုပ်ကြရကြောင်း သိရသည်။



















