Home သတင်း ဖားအံမြို့တွင် ပစ္စည်းခိုးခံရမှုများပြီး နေအိမ်ဖောက်ထွင်း ခိုးယူသည့်အထိရှိလာနေ

ဖားအံမြို့တွင် ပစ္စည်းခိုးခံရမှုများပြီး နေအိမ်ဖောက်ထွင်း ခိုးယူသည့်အထိရှိလာနေ

798

ဩဂုတ်လ ၂၂ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏မြို့တော် ဖားအံတွင် ယခုတလော ပစ္စည်းခိုးယူသူများပေါများကာ အိမ်တွင်းအထိ ဖောက်ထွင်းပစ္စည်းခိုးယူမှုဖြစ်စဉ်များ အဖြစ်များလာနေကြောင်း ဖားအံမြို့ဒေသခံများက ပြောသည်။

ပစ္စည်းခိုးယူသူများသည် ယခင်ကတည်းကပင်ရှိသော်လည်း ယခုနောက်ပိုင်းတွင် သူခိုးများပို၍ အတင့်ရဲလာကြကြောင်း ဖားအံဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြေသည်။

“ဖားအံမြို့ထဲမှာတော့ ဆိုင်ကယ်တွေခဏခဏ ပျောက်တယ်။ ဈေးနားမှာဆိုလည်း ခုပဲထား၊ ဈေးဆင်း ဝယ်ပြန်လာမတွေ့တော့ဘူး။ အစ်မလည်း ဆိုင်ကယ်ပျောက် သွားတယ်။ ရွာက အိမ်တစ်အိမ်ဆို နေ့ခင်းဘက်ပဲ အိမ်ဖောက်ခံထိတာ ရွှေတွေပိုက်ဆံတွေ မနည်းပါသွားတယ်။ ‌သူခိုးတွေ တော်တော်ဆိုးလာတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့တွင် ပစ္စည်းခိုးယူခံရသည့် ဖြစ်စဉ်များ တစ်ရက်ထက်တစ်ရက် အဖြစ်များလာသည့်အတွက် ဆိုင်တွင် CCTV ရုပ်သံ တပ်ဆင်ထားပြီး အမြဲသတိထားစောင့်ကြည့်နေရကြောင်း ဖားအံမြို့ ဖုန်းဆိုင်ဝန်ထမ်းများကလည်း ပြောသည်။

၎င်းက “ဆိုင်ကယ်ဆို အမြဲတမ်းပျောက်တယ်။ ဖုန်းလာဝယ်တဲ့လူလည်း ဆိုင်ကယ်ခိုးခံထိတာရှိတယ်။ ဆိုင်မှာ CCTV တပ်ထားလည်း ဖုန်းလာခိုးတဲ့လူအများကြီးရှိတယ်။ ပြန်မိတဲ့လူလည်းရှိတယ်။ မမိတာလည်း ရှိတယ်။ တော်တော်သတိထားရတယ်”ဟု ပြောသည်။

ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး အလုပ်အကိုင်အ‌ဆင်ပြေမှုမရှိသဖြင့် ဖားအံမြို့နှင့်အနီးအနားရှိ ကျေးရွာများတွင် ဆိုင်ကယ်၊ ကားစသည့် ပစ္စည်းများခိုးယူခံသည့် ဖြစ်စဉ်မကြာခဏ ဖြစ်ပွားလျက်ရှိသည့်အပြင် နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းဝင်ရောက် ခိုးယူမှုများရှိလာသည့်အပေါ် လုံခြုံရေးအတွက် စိုးရိမ်နေရသည်ဟု ဖားအံမြို့ဒေသခံများက ပြောသည်။