Home သတင်း စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ပြည်သူများ နေအိမ်များရောင်းချပြီး နေရာပြောင်းရွှေ့မှု များလာနေ

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ပြည်သူများ နေအိမ်များရောင်းချပြီး နေရာပြောင်းရွှေ့မှု များလာနေ

825
Photo: (အိမ်ခြံမြေလုပ်ငန်း)

ဩဂုတ် ၂ဝ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်များက စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တပ်စွဲထိန်းချုပ်ထားသည့်အပေါ် မြို့ခံပြည်သူများ လုံခြုံမှုမရှိလာတော့သည့်အတွက် ၎င်းတို့ပိုင်ဆိုင်သည့်နေအိမ်များ ထုခွဲရောင်းချပြီး အခြားအရပ်ဒေသသို့ ရွှေ့ပြောင်းလာ မှု များလာနေသည်ဟု အိမ်ခြံမြေရောင်းဝယ်နေသူများထံမှ သိရသည်။

ဖားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့ခံအခြေခံလူထုများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်များအား ရသည့်စျေးဖြင့်သာ ရောင်းချနေလျက်ရှိပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မရှိနေသည့် အရပ်ဒေသများသို့ ပြောင်းရွှေ့လာမှု များလာလျက်ရှိသည်ဟု မြဝတီမြို့ အိမ်ခြံ မြေရောင်းဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အခြေခံလူတန်းစားတွေဟာ စစ်ကောင်စီလက်ထက်မှာ လုပ်ငန်းတွေလုပ်စားရတာ အဆင်မပြေတော့ဘူး။ စားဝတ်နေရေးတွေလည်း ခက်ခဲလာတယ်။ တစ်ချို့ဆို လုပ်ငန်း ကြွေးမြီတင်ပြီး နေအိမ်ထုတ်ရောင်းလာတယ်။ အဓိက စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာ လုံခြုံမှုမရှိတော့လို့ ထုတ်ရောင်းကြတာပါ” ဟု ဩဂုတ် ၁၉ ရက်နေ့တွင် ပြောသည်။

ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် (Martial Law) မာရှယ်လော စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထုတ်ပြန် လိုက်ပြီး နောက် အချိန်အကန့်သတ်ဖြင့်သာ သွားလာခွင့်ရတော့သည့်အပေါ် ညနေပိုင်း အချိန်တွင် ဖွင့်လှစ်ရောင်းချကြသည့် အခြေခံလူထုများ၏ အသေးစားစီးပွားရေး လုပ်ငန်းများ ရပ်တန့် သွားကြပြီး အိုးအိမ်ပိုင်ဆိုင်မှုများထုတ်ရောင်ချကာ အခြား အရပ်ဒေသများသို့ ပြောင်းရွှေ့ သွားကြသူ နေ့စဉ်တိုးလာနေလျက်ရှိသည်ဟု မြို့နေလူထုများထံမှ သိရသည်။

“ နိုင်ငံရေးမှာပါဝင်နေကြလို့ နေအိမ်တွေထုတ်ရောင်းကြတာမဟုတ်ဘူးပေါ့နော်။ စား ဝတ်နေရေးခက်ခဲလာကြလို့ နေအိမ်တွေရောင်းပြီး အခြားလုပ်ကိုင်စားသောက်လို့ ရတဲ့ နေရာမှာ ပြောင်းရွှေ့ကြတယ်။ တစ်ချို့ဆို ထိုင်းနိုင်ငံဘက်ပြောင်းသွားကြတယ်။ သူတို့ လက်အောက်မှာနေတာက လုံခြုံမှုမရှိဘူးလေ။ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်လို့လည်း မရတော့ ရတဲ့စျေးနဲ့ရောင်းကြတယ်။ တစ်ချို့က ဝန်ထမ်း တွေ ပေါ့နော်။ မနေရဲကြလို့ ထုတ်ရောင်းကြတာပါ” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်ရှိ ဖားအံ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနှင့် မြဝတီမြို့နယ်များတွင် စစ်ကောင်စီတပ်မှ လုံခြုံရေး အကြောင်းပြကာ စစ်အုပ်ချုပ်ရေးစနစ်ဖြင့် မြို့ဝင်မြို့ထွက်များတွင် တပ်စွဲ စစ်ဆေးစောင့်ကြပ်နေလျက်ရှိသည်။ ပစ်ခတ်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလာလျက်ရှိ သည့်အတွက် မြို့ခံလူထုများအနေဖြင့် အခြား အရပ်ဒေသများသို့ ပြောင်းရွှေ့လာကြသလို ၎င်းတို့၏အိုးအိမ်များလည်း ထုတ်ရောင်းချလာမှု ပိုမိုများလာလျက်ရှိသည်ဟု မြို့ပေါ်အိမ်ခြံမြေရောင်းဝယ်သူများထံမှ သိရသည်။