Home သတင်း ကျောင်းသူ/သားများ ဖျားနာမှုများပြားသဖြင့် ပိုင်ကျုံတာကရား ကော်သူးလေစာသင်ကျောင်း ယာယီပိတ်ထားရ

ကျောင်းသူ/သားများ ဖျားနာမှုများပြားသဖြင့် ပိုင်ကျုံတာကရား ကော်သူးလေစာသင်ကျောင်း ယာယီပိတ်ထားရ

616

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ခုနှစ်၊ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ တာကရားကျေးရွာအနောက် ကော်သူးလေအလယ်တန်း စာသင်က ကျောင်းတွင် ဩဂုတ်လ ၁၆ ရက်နေ့မှစပြီး ဆရာ/မများနှင့်‌ကျောင်းသားကျောင်းသူများအကြား နေမကောင်းဖျားနာမှုများပြားသောကြောင့် စာသင်ကျောင်း ယာယီပိတ်ထားရသည်ဟု သိရသည်။

ကျောင်းသူ/သား ဦးရေ (၁၉၂)ဦးရှိသည့် တာကရားကျေးရွာအနောက် စာသင်ကျောင်းတွင် လက်ရှိ ကျောင်းသူ/သားထက်ဝက်ခန့်မှာ နေမကောင်းဖျားနာနေကြပြီး အများစုမှာ KG သူငယ်တန်း ကျောင်းသားများ ဖြစ်ကြသည်ဟု ကျောင်းဆရာ/ဆရာမများက ပြောသည်။

ကျောင်းဆရာတစ်ဦးက“လကွယ်နေ့(ဩဂုတ် ၁၆ ရက်)ကစဖြစ်တာ အတန်းတစ်တန်းမှာ လေး၊ငါး ယောက်ပဲ ကျောင်းလာနိုင်တယ်။ ရွာမှာ အခုဖျားတာအများကြီးပဲ ကျောင်းဆရာတွေရော၊ ကျောင်း သားမိဘတွေရော အများအားဖြင့်ဖျားနေတာ” ဟု ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

ကျောင်းသားများဖျားနာ သကဲ့သို့ တာကရားကျေးရွာတွင်လည်း ဖျားနာသူဦးရေများပြားသဖြင့် စာသင်ကျောင်းကို ယာယီပိတ်ထားကာ ဖျားနာမှုများ လျော့ကျသွားလျှင် ကျောင်းကို ပြန် လည်ဖွင့်လှစ်သွားမည်ဟု ကျောင်းဆရာ၊ဆရာမများနှင့် ကျောင်းကော်မတီများထံမှ သိရသည်။

“အိမ်က ကလေးက ဖျားချင်တယ်။ ခေါင်းကိုက်တယ်ဆိုတော့ ကျောင်းမသွားချင်လို့ ထင်တာ၊ ကိုယ်ပူလာတော့ အဖျားတိုင်းကြည့်တော့ ဖျားနေကြပြီ။ တခြားကလေးတွေလည်း ဖျား နေကြတယ်”ဟု ကျောင်းသားမိဘတစ်ဦးကလည်း ပြောသည်။

တာကရားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှဒေသခံ ပြည်သူများအကြားတွင် ယခု ဩဂုတ်လ အတွင်း နေမကောင်းဖျားနာသူအဖြစ်များနေပြီး ရောဂါကူးစက်မှုနှုန်းလည်း မြန်ဆန်သောကြောင့် စိုးရိမ်နေရသည်ဟု ဒေသတွင်း ကျန်မာရေး တာဝန်ရှိများက ပြောသည်။

ပိုင်ကျုံမြို့နယ်တွင် ပြီးခဲ့သည့် (၂၀၂၂)ခုနှစ် ဆောင်းအဝင်တုန်းကလည်း ဒေသခံများနှင့် စစ်ဘေး ရှောင်ပြည်သူများမှာ ငှက်ဖျားရောဂါအဖြစ်များခဲ့ပြီး ယခုနှစ်မိုးရာသီကုန်ခါနီးတွင် နေမကောင်း ဖျားနာမှု များလာသောကြောင့် ငှက်ဖျားရောဂါပြန်လည်ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ် လျက်ရှိသည်။