Home သတင်း ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီသတင်းပေးဟု အမည်ကျော်ဇောသူ BGF အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီသတင်းပေးဟု အမည်ကျော်ဇောသူ BGF အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

676
Photo: CJ

ဩဂုတ် ၂၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များအား သတင်းပေး နေသည်ဟု အမည်ကျော်ဇောနေသူ နယ်ခြားစောင့်တပ်-BGF အဖွဲ့ဝင်ဟောင်း တစ်ဦးယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့ ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ရှင်းလင်းသွားခဲ့သည်ဟု မြို့ခံလူထုများထံမှ သိရသည်။

အသက် ၄ဝ နှစ်ဝန်းကျင် ကိုဝင်းထိန်ဆိုသူသည် ယခင်က BGF တပ်ဖွဲ့ဝင်အဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အား သတင်းပေးသူတစ်ဦးအနေဖြင့် အမည်ကျော် ဇောလျက်ရှိသည့်အတွက် ယခုလိုလုပ်ကြံခံရခြင်း ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ သူက BGF လိုလို၊ စစ်တပ်ထဲကလိုလို အင်ဖော်မာသတင်းပေးလိုလို လုပ်တယ်။ တကယ်တမ်းက သူတို့တွေက သတင်းပေးအင်ဖော်မာတွေပါ။ စစ်တပ်နဲ့ပေါင်းတယ်ပေါ့။ အရင်တုန်းက နယ်စပ် ချက်ပွိင့်မှာ စစ်တပ်အင်ဖော်မာ လုပ်ပေးမယ်။ စစ်တပ်ထဲမှာလည်း တရားဝင်ဗိုလ်ဖြစ်သွား တာလား မသိဘူး ပြောတာကြားတယ်။ သူပစ်သတ်ခံရချိန် သူ့ကားထဲမှာလည်း လက်နက်တွေ့တယ်” ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

စစ်တပ်သတင်းပေးဟု အမည်ကျော်ဇောနေသူ ကိုဝင်းထိန်သည် BGF အမှတ် ၁ဝ၂၁ နယ်ခြား စောင့်တပ်မှ ဗိုလ်အေးကျော်နှင့် ယောက်ဖတော်စပ်သူဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက် ညနေ ၈ နာရီဝန်းကျင်အချိန် အမှတ် ၃ ရပ်ကွက် မြို့ပတ်လမ်းကြားမှ ၎င်းတစ်ဦးထဲ ကားမောင်းလာစဉ် သေနတ် ကိုင်ထားသူတို့က ပစ်ခတ်သွားခဲ့ရာ လက်၊ ဝမ်းဗိုက်နှင့် ဦးခေါင်းနေရာတွင် ထိမှန်ဒဏ်ရာရကာ အခင်း ဖြစ်ပွားသည့်နေရာမှာပင် အသက်သေဆုံးသွားသည်ဟု မြို့ခံလူထု များက ပြောသည်။

ကိုဝင်းထိန်အား သေနတ်ဖြင့် ပစ်သတ်ခံရသည့်အပေါ် မည်သည့်အစုအဖွဲ့မှ မည်သို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ကို မသိရသော်လည်း စစ်တပ်သတင်းပေးလုပ်ဆောင်မှုများကြောင့် ပစ်သတ်ခံရခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုကြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြို့ပေါ်တပ်ကုန်းစခန်းရှိ စစ်ကောင်းစီမှ လုံခြုံရေးအင်အားအပြည့်ဖြင့် အခင်းဖြစ်ပွားသည့်နေရာသို့ ဆင်းလာပြီး လုံခြုံရေးစိစစ်မှုများ လုပ်ဆောင်နေသည့်အတွက် ပစ်ခတ် မှုများ ဖြစ်ပွားလာမည်ကို မြို့ခံလူထုများက စိုးရိမ်နေလျက်ရှိသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအများပြား မီးရှို့ ခံရပြီးနောက် အုပ်ချုပ်ရေးယန္တရားလုပ်ငန်း ရပ်တန့်သွားခဲ့ပြီး မြို့ပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်များမှာလည်း စခန်းအပြင်သို့ သွားလာလှုပ်ရှားမှုမရှိတော့ဟု မြို့ခံလူထုများထံမှ သိရသည်။