Home သတင်း ညောင်လေးပင် စစ်ရှောင်များအကြား ငှက်ဖျားနှင့်ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလို အပ်နေ

ညောင်လေးပင် စစ်ရှောင်များအကြား ငှက်ဖျားနှင့်ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလို အပ်နေ

1313
Photo: KHRG

ဇူလိုင်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင် ပြည်သူများအကြားတွင် ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဒေသခံများသည် မိုးရာသီအတွင်း စစ်ဘေးဆက်လက်ရှောင်တိမ်းနေရသည့်အတွက် အအေးမိရာမှ ရောဂါ အဖြစ်များလာြကခြင်းဖြစ်ပြီး အများအားဖြင့် ကလေးသူငယ်များတွင် တုပ်ကွေးရောဂါအဖြစ်များကြောင်း၊ စစ်ကောင်စီ၏ ဆေးဝါးသယ်ဆောင်ခြင်းတားမြစ်မှုနှင့် စစ်ဘေးရှောင်ဦးရေများပြားမှုကြောင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦး ပြောသည်။

၎င်းက “ဆေးကိုလုံးဝ သယ်ခွင့်မပေးထားတာ ဒီလိုပဲကိုယ့်အစီအစဥ်နဲ့ကိုယ် သယ်နေရတဲ့အတွက်ရောပေါ့ ဆေးဝါးကတော့လုံလောက်မှုမရှိဘူး။ နောက်ပိုင်းမိုးများလာရင် ရောဂါဖြစ်တဲ့သူအခုထက် ပိုများလာမယ်။ လက်ရှိအလှူရှင်ကလည်း ဆေးဆိုမသယ်ရဲဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဒေသခံအများစုမှာ တုပ်ကွေးရောဂါစဖြစ်ချိန်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ဆေးရုံ၊ ဆေးခန်း အရောက်နည်းကြသလို ဆေးမြှီးတိုများနှင့်သာကုသလေ့ရှိသည့်အတွက် ရောဂါအခြေအနေပိုမိုပြင်း ထန်လာခြင်းမျိုးလည်း ရှိသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဖြစ်ပြီဆိုရင် ဒေသခံစစ်ရှောင်တွေက စစ်ရှောင်နေရာမှာ သူတို့လက်လှမ်းမီရာ ဆေးမြှီးတိုနဲ့ကုတယ် ။ အရမ်းအခြေအနေဆိုးလာမှ ဆေးရုံ၊ ဆေးခန်းသွားကြတာ။ ဒီမှာဆို ပန်ကာလို့ခေါ်တဲ့ဆေးပေါ့၊ ငါးရာဖိုးဆို သုံးထုပ်လောက်ရတယ် ။ အဲ့ဒါဝယ်သောက်ပြီးမပျောက်တော့မှ ဆေးခန်းရှိတဲ့နေရာသွားကြတာမျိုးပေါ့” ဟု ထိုဒေသခံအမျိုးသမီးက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးကုသမှုအတွက် ကရင်အရပ်ဘက် ကျန်းမာရေးအဖွဲ့ အစည်းများ အပြင် အခြားပရဟိတအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ မှုပေးနေသော်လည်း နယ်မြေအတွင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်း၊ စစ်ကောင်စီက လက်နက်ကြီးငယ်များဖြင့် ကျေးရွာများသို့ အချိန်မရွေး ပစ်ခတ်ခြင်းတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ပိုမိုများပြားလာ၍ ဆေးဝါးအပြင် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းလိုအပ်ချက်လည်းရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ(၂)ရက်နှင့်(၃)ရက်နေ့တို့တွင်လည်း မုန်းမြို့နယ်၊ ရေတွင်းကုန်းကြီးကျေးရွာနှင့် အုန်းပင်စုကျေးရွာနေ အမျိုးသား(၃)ဦး စစ်ကောင်စီတပ်၏လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်ခြင်းခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာ(၃)ရွာထက်မနည်းမှဒေသခံပြည်သူ (၁၄၀၀)ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။

စစ်တပ်အာဏာသိမ်းယူပြီးသည့်အချိန်မှစ၍ လက်ရှိ ၂၀၂၃ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင်တွင် စစ်ဘေး ရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းအရ သိရှိရသည်။