Home သတင်း စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

1119
Photo: Crd.

ဇူလိုင် ၄ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စက္ကူစက်ရုံအနီးရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက Souls Takers UG အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း Souls Takers UG က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် ပျူစောထီးများနှင့်ပူးပေါင်း၍ စစ်မြေပြင်သတင်းများကို အခြေချလှုပ်ရှားနေသည့် စခန်းတစ်ခုဖြစ်သောကြောင့် ယခုလိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Souls Takers UG ၏ပြန်ကြားရေး တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ဝင်တိုက်တဲ့စခန်းက စကစ အခြေချနေတာကြာပြီး။ သူတို့အဲ့ဒီနေရာမှာအင်အားတွေ ထပ်ချ ထားတယ်။ အရင်ကထက်ပိုပြီးများလာတယ်။ သူပစ်ကိုယ်ပစ် နှစ်ဖက်ပစ်ခဲ့ရတာမို့ အင်အား အတိအကျ တော့မသိရပါဘူး။ ပျူစောထီးတွေနဲ့ခြေရှုပ်နေပြီး မြေပြင်သတင်းအတွက် စစ်ဆေးရေးအတွက် အထိုင်စခန်း လည်းဖြစ်တယ်။ ကျနော်တို့ပစ်တာ ပျူစောထီးတစ်ယောက်တော့ ကျတာသေချာတယ်။ နောက် ထပ် ယူနီဖောင်းဝတ်တစ်ယောက်လည်းကျတယ်။ ဒါပေမဲ့နာမည်ရာထူးကတော့ အတည်မပြုနိုင်သေးပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး Souls Takers UG ဘက်မှတစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှုမရှိသော်လည်း ယာဉ်တစ်စီးကျည်မှန်ခဲ့သောကြောင့် ချန်ထားခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်က သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

ထိုသို့ တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်စဉ်နှင့် နီးစပ်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်က ဆိုသည်။