Home သတင်း ကွမ်းရွက်ဈေးကောင်းသော်လည်း နယ်မြေမအေးချမ်း၍ စိုက်ပျိုးတောင်သူများ ဆုံးရှုံးမှုများနေ

ကွမ်းရွက်ဈေးကောင်းသော်လည်း နယ်မြေမအေးချမ်း၍ စိုက်ပျိုးတောင်သူများ ဆုံးရှုံးမှုများနေ

1255

ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွမ်းရွက်ခြံ စိုက်ပျိုးသူများသည် ယခုနှစ်တွင် ကွမ်းရွက်များ ဈေးကောင်းရရှိသော်လည်း နယ်မြေမအေးချမ်းမှုကြောင့် သွားလာရေးခက်ခဲသဖြင့် ရောင်းဝယ်ဖောက်ကားမှု မရှိဘဲ ဆုံးရှုံးမှုများနေကြောင်း ကွမ်း ရွက်ခြံ စိုက်ပျိုးသူများက ပြောသည်။

ကွမ်းရွက်စိမ်းဈေးနှုန်းသည် ယမန်နှစ်ကထက် ဈေးကောင်းရနေသော်လည်း စိုက်ပျိုးချိန်တွင် အပင်ပြုပြင်စရိတ်၊ ဓာတ် မြေဩဇာစရိတ် ကြီးမားခြင်းနှင့် နယ်မြေမအေးချမ်းမှုများကြောင့် ကွမ်းရွက်ဒိုင်များထံ သွားရောက်ပို့ဆောင် ရောင်းချ ခြင်း မလုပ်နိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများရှိနေကြောင်း ကော့ကရိတ်မြို့အနီးရှိ ကွမ်းရွက်ခြံပိုင်ရှင်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “နယ်မြေမအေးချမ်းတော့ အလုပ်လုပ်စားလို့ မကောင်းဘူး။ တစ်ခါတစ်လေလည်း လမ်းပိတ်၊ သွားလာလို့မရ။ သွားချင်တဲ့အချိန် သွားလို့မရ အဲ့လိုမျိုးတွေရှိတယ်။ နယ်မြေမအေးချမ်းတော့ အလုပ်သေသေချာချာလုပ်လို့ မရဘူး။ အဲ့ဒါကြောင့် ပစ္စည်းတွေလည်း ဆုံးရှုံးမှုများတယ်။ ခူးရမဲ့အချိန်လည်း မခူးရဘူး။ နွေပိုင်းဆိုလည်း ရေပက်ရမဲ့အချိန်ဆို လည်း ရေမပက်ရဘူး။ နယ်မြေမအေးချမ်းတော့ ပြောင်းရွှေ့နေရတာများတော့ ဈေးကောင်းလည်း မခူးရဘူး။ အဲ့ဒါ‌ တွေ ဆုံးရှုံးတာပေါ့။”ဟု ပြောဆိုသည်။

ပုံမှန်အားဖြင့် ကွမ်းရွက်အပင်ရေ တစ်‌ထောင် စိုက်ပျိုးသူများသည် တစ်ပိဿာလျှင် ကျပ် ၃၀၀၀-၄၀၀၀ ဈေးနှုန်းရရှိပါ က ရက်သတ္တပတ်တွင် အသားတင် ၃သိန်းကျပ် အနိမ့်ဆုံးရရှိကြောင်း အဆိုပါကွမ်းစိုက်ပျိုးသူက ဆက်လက် ပြောပြ သည်။

“အပင်တစ်ထောင်စိုက်ရင် ဈေးကောင်းမယ်။ ကွမ်းပင်ပြုပြင်လို့ ကောင်းမယ်ဆိုရင် တစ်ပတ်ဆို အနိမ့်ဆုံး နေ့စားခနုတ် ပြီး ၃သိန်း ၄သိန်းလောက် ကျန်တယ်။ သုံးထောင်လေးထောင်ဈေး ရရင်ပေါ့။ ဈေးမကောင်းရင် အိတ်စိုက်ရတာပေါ့။ ၂ထောင် ဈေးလောက်ဆို အိတ်စိုက်ရပြီး။”ဟု ၎င်းက ပြောသည်။

ကော့ကရိတ်ဒေသထွက် ကွမ်းရွက်များမှာ အရွက်ထူပြီး အရွက်ကြမ်းဖြစ်၍ ကွမ်းဆိုင်များတွင် အသုံးမပြုသော်လည်း ကော့ကရိတ်မြို့ရှိ ကွမ်းဒိုင်များသို့ ပို့ဆောင်ရောင်းချလေ့ရှိသည်။ ယမန်နှစ်က ကွမ်းရွက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိသာရရှိပြီး ယခုနှစ်တွင်မူ တစ်ပိဿာလျှင် ၁၅,၀၀၀ကျပ်အထိ စျေးရရှိနေခြင်းဖြစ်သည်။

ကွမ်းရွက်ပင်များမှာ အပင်ကောင်းလျှင်ကောင်းသလို ဆယ်ရက်တစ်ကြိမ်၊ ဆယ့်ငါးရက်တစ်ကြိမ် ခူးဆွတ်ပေးနေရကာ အပင်များကိုလည်း မပျက်စီးစေရန် အမြဲ ပြုစုထိန်းသိမ်းနေရသည့်အပြင် နွေရာသီတွင် တစ်ပတ်တစ်ကြိမ်ခန့် ရေလောင်းပေးရကြောင်း ကွမ်းစိုက်တောင်သူများက ပြောသည်။

ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသရှိ ရွာသစ်ကုန်း၊ နန်းရွှေမှုန်၊ တောင်ကြာအင်း စသည့်ကျေးရွာများတွင် တနိုင်တပိုင် ကွမ်းရွက်စိုက်ပျိုး‌ခြင်းကို မိသားစု စားဝတ်နေရေးအတွက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသည်။