Home သတင်း ကော့ကွဲရွာလောင်းကစားဝိုင်း တော်လှန်ရေးတပ်ဖွဲ့များအား ငွေပေးဆောင်ရဟု ပြောဆိုချက် ဘီးလင်း(ပကဖ) ငြင်းဆို

ကော့ကွဲရွာလောင်းကစားဝိုင်း တော်လှန်ရေးတပ်ဖွဲ့များအား ငွေပေးဆောင်ရဟု ပြောဆိုချက် ဘီးလင်း(ပကဖ) ငြင်းဆို

817
Photo: CJ (ပုံဟောင်း)

ဇူလိုင်လ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု၊ ကော့ကွဲကျေးရွာတွင် လတ်တလော ဖွင့်လှစ် နေသည့် အာဝါဒေးလောင်းကစားပွဲတွင် တော်လှန်ရေးအင်အားစုများအား ငွေကြေးပေးဆောင်ရသည် ဟု ပြောဆိုချက်အပေါ် ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ငြင်းဆိုလိုက်သည်။

စစ်ကောင်စီတပ်နှင့် တပ်ထောက်ခံသူများသည် အဆိုပါကော့ကွဲအာဝါဒေးလောင်းကစားပွဲတွင် တော် လှန်ရေးအင်အားစုများအား ငွေကြေးပေးဆောင်ရသည်ဟု ပြောဆိုမှုမှာ မဟုတ်မမှန်စွပ်စွဲချက်သာဖြစ်ပြီး ထိုလောင်းကစားဝိုင်းမှာ စစ်ကောင်စီတပ်နှင့် စစ်တပ်ထောက်ခံသူများသာ လုပ်ဆောင်နေကြောင်း ဘီးလင်းမြို့နယ်(ပကဖ)တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ ပကဖနာမည်နဲ့ပဲ ပထမအကြိမ်တပ်ဖွဲ့တစ်ဖွဲ့ကနေမှ ပိုက်ဆံသိန်း(၅၀)ပေးရတယ်ဆိုပြီး သူတို့ဘက်က သတင်းထုတ်တယ်။ အမှန်က သူတို့‌တွေက စစ်ကောင်စီနဲ့လုပ်တာ။ ဒီတစ်ကြိမ်လည်း ၄၂ သိန်းပေးရတယ်ဆိုပြီးနာမည်ထွက်တယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒီငွေကြေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်‌ပေးလို့ရတယ်။ အဲဒီငွေကြေးနဲ့ပတ်သက်ပြီး တစ်ပြားတစ်ချပ်မှမယူဘူး။ ဒီအာ ဝါဒေး နဲ့ပတ်သက်သည့်ကိစ္စလည်းမသိဘူး။ သူတို့ စစ်ကောင်စီနဲ့ စစ်ကောင်စီဘက်က ခန့်တဲ့လူနဲ့ အဆင်ပြေသလိုလုပ်နေကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ စွပ်စွဲပြောဆိုမှုများသည် တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူများအထင်မြင်လွဲမှားအောင် စစ်ကောင်စီတပ်နှင့် တပ်ထောက်ထံသူများက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း လည်း အဆိုပါ ဘီးလင်းမြို့နယ်(ပကဖ) တာဝန်ရှိသူက ဆက်လက်ပြောသည်။

“သူတို့ကစာထုတ်တဲ့အနေအထားတော့မဟုတ်ဘူး။ အောက်မှာလေသံလွှင့်တဲ့အနေအထားပဲ။ KNU‌ တွေ တော်လှန်ရေးအင်အားစုတွေတော့ကြေးပေးပြီးမှ လုပ်တယ်ဆိုတဲ့ ပုံစံနဲ့သတင်းလွင့်တာ။ ဒါကတော်လှန် ရေးအင်အားစုနဲ့ပြည်သူတွေသွေးခွဲတာဖြစ်သလို KNU ရဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်နေတဲ့ ပုံရိပ်လည်း ညှိုးနွမ်းအောင်ရည်ရွယ်ချက်ရှိရှိလုပ်တာ”ဟု ၎င်း ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာတွင် တပ်စွဲထားကာ ၎င်းတို့ခန့် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အာဝါဒေးလောင်းကစားဝိုင်းများဖွင့်ပြီး လုပ်စားနေမှုမှာ လက်အောက်ရဲဘော်များ စားနပ်ရိက္ခာ မချ ပေးနိုင်သည့်အတွက် အဆင်ပြေသလို ရှာစားနေကြရခြင်းဖြစ်ကြောင်း ဘီးလင်းမြို့နယ် တော်လှန်ရေး အင်အားစုများက ပြောသည်။