Home သတင်း သံလွင်တံတား စစ်ဆေးရေးအဖွဲ့က သွားလာနေသည့် ဒေသခံများကို ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်လာ

သံလွင်တံတား စစ်ဆေးရေးအဖွဲ့က သွားလာနေသည့် ဒေသခံများကို ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်လာ

1011

ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့အထွက်ရှိ သံလွင်တံတား လုံခြုံရေးစောင့်ကြပ်သည့် စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့သည် တံတားဖြတ်သန်း ကာ နေ့စဥ် သွားလာနေကြသည့် ဒေသခံပြည်သူများအပေါ် ယခုလအတွင်း ခြိမ်းခြောက်စစ်ဆေးလာမှုများကြောင့် ကျေးရွာများမှ ဖားအံမြို့ဘက်သို့ သွားလာရေးမှာ ပိုခက်ခဲလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဒေသခံများက ပြော သည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း မွန်ပြည်နယ်ရှိ ဘီးလင်းတံတား၊ မွန်-ကရင်ပြည်နယ်ကြားရှိ ဒုံသမိတံတားနှင့် သံလွင်မြစ်အ နောက်ဘက်ခြမ်းရှိ ဝါးဘိုးတော ဘုရင်ညီဂူ တံတားများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက်ပိုင်း သံလွင်တံတား စစ်ဆေး ရေးဂိတ်တွင် ယင်းသို့ခြိမ်းခြောက် စစ်ဆေးမှု လုပ်ဆောင်လာခြင်းဖြစ်သည်။

နှစ်ဖက် အဝင်အထွက် တံတားဖြတ်သန်းရန် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ၊ ဆိုင်ကယ်၊ ကားနှင့် ကုန်တင်ယာဥ် တွဲများအား စစ်ဆေးလေ့ရှိသော်လည်း ယခုအချိန်တွင် ဒေသခံများ နေ့စဥ် ဖြတ်သန်းသွားလာမှုအပေါ် ခြိမ်းခြောက်မေး မြန်းမှုများ လုပ်ဆောင်လာနေကြောင်း ဖားအံဘက်သို့ သီးနှံများ သွားရောင်းနေသူ အနီးဝန်းကျင်မှ ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဖားအံ သံလွင်တံတားကတော့ တော်တော်လေး စစ်ဆေးတာ ကြမ်းလာတယ်။ ကျနော်က အသီးအနှံတွေ ဖားအံဘက် သွားရောင်းတာ နေ့တိုင်း တံတားဖြတ်ရတယ်။ သူတို့ စစ်တယ်။ ဒေသခံမှန်းတောင် မသိတော့ဘူး။ ခရီးသွားတွေကို စစ် တာကတော့ တစ်မျိုးပေါ့။ ဖုန်းပါတော့လည်း စစ်တယ်။ စစ်လို့ မယူလာတော့လည်း ရစ်တယ်။ ကြိမ်းမောင်းတယ်။”ဟု အဆိုပါရွာသားက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ဖားကပ်၊ ရသေ့ပျံ၊ မြိုင်ကလေး၊ မုက္ကဒိ စသည့် သံလွင်မြစ် အနောက်ဘက်ခြမ်းမှ ဖားအံမြို့ ဘက်သို့ နေ့စဉ် စျေးဝယ်၊ ရုံးတက်၊ ကျောင်းတက် သွားလာနေကြသူ ဒေသခံများကိုလည်း စစ်ဆေးခြင်း၊ ကြိမ်းမောင်း ခြင်းများရှိကြောင်းလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူများ၏ ပြောပြချက်များအရ သိရသည်။

ထို့အတူ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး လမ်းတစ်လျှောက်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် နယ်ခြားစောင့်တပ် (BGF)၊ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့၊ ကျေးရွာပြည်သူ့စစ်အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကလည်း ခရီးသွား ကားများ အပြင် သွားလာနေသည့် ဒေသခံများကိုလည်း တင်းကြပ်သည့် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာနေပြီး ဘာသာစကား အခက်အခဲရှိပါက ဖမ်းဆီး၊ ငွေပေးကာပြန်ရွေးရခြင်းများရှိကြောင်း သိရသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာသားတစ်ဦးက “ကျုံဒိုး ကော့ကရိတ် လမ်းပိုင်းကတော့ သွားလာနေကြတာပဲ။ ပစ်တဲ့သူကလည်း ပစ်နေတာပဲ။ မပစ်တဲ့ အချိန်ဆိုရင်လည်း လမ်းမပေါ်မှာ ပိုက်ဆံကောက်တယ်။ စစ်ဆေးတယ်။ ဒေသခံဆို ပိုစစ်တယ်၊ ကရင်အများစုက မြို့တက် စျေးဝယ်ဖို့လာတာ မြန်မာလို သိပ်မပြောတတ်တော့ ဖမ်းခေါ်ထား တယ်။ ငွေနဲ့ပြန်ရွေးခိုင်းတယ်။ လက်သုံးချောင်းအဖွဲ့တွေ သိလား။ ရွာမှာ ရှိလား။ သူတို့ စျေးဝယ်ခိုင်းတာလား ဆိုတာ တွေ မေးတယ်။”ဟု ဆိုသည်။

လတ်တလော အခြေအနေတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေအတွင်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးမှာ နှစ်ဖက်တိုက်ပွဲ အခြေအနေပေါ် မူတည်နေသော်လည်း နယ်စပ်ကုန် စည်စီးဆင်းမှုနှင့် ဒေသတွင်းခရီးမှာ ဆက်လက် သွားလာ၍ရနေဆဲဖြစ်ကြောင်း သိရသည်။