ဇူလိုင် ၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီး မြို့နယ်) ဝင်းရော်ဒေသဘက်တွင် ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့မှစ၍ ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအနီး တောင်ညိုတောင်ခြေ တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသည့်အတွက် ဌာနေကျောင်းသား/ကျောင်းသူ ၁ဝဝဝ ကျော် စာသင်ကြားမှု ယာယီရပ်နားထားရသည်ဟု ဒေသခံများထံမှ သိရသည်။
ခလယ်၊ တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူ၊ နောင်းဒေ့၊ ပူးလိန်၊ တံခွန်တိုင်ရွာလေး၊ မူစလင် အုပ်စုရပ်နှင့် နန်းသိုင်းထွန်ရွာရှိ စာသင်ကျောင်း ၁ဝ ကျော်နှင့် ကိုယ်ထူကိုယ်ထကျောင်းများအသီးသီး ယာယီပိတ်ထားလျက်ရှိပြီး ဒေသခံအများ အပြား လည်း ဇွန် ၂၈ ရက်နေ့ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီ သူများထံမှ သိရသည်။
“ ခလယ်တံခွန်တိုင်အုပ်စု ကျေးရွာအသီးသီးက စာသင်ကျောင်းတွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပိတ်ထားတယ်။ လက်နက်ကြီးနေရာအနှံ့ကျတော့ ကျောင်းသားမိဘတွေလည်း ကလေး တွေ ကျောင်းမပို့ရဲကြတော့ဘူးလေ။ ကျောင်းဆရာ ဆရာမတွေလည်း အချို့ပြန်ကြ ကုန်ပြီး” ဟု ဝင်းရော်ဒေသရှိ ကျေးရွာတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
တံခွန်တိုင်ရွာရဲစခန်းတွင် ကြားအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၃၂ လက်အောက်ခံတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ် -BGF အမှတ် ၁၀၂၁ တို့ ပူးပေါင်း တပ်စွဲ ထားပြီး ၎င်းတို့၏ လက်နက်ရိက္ခာအင်အားများ ထပ်ဖြည့် ဆည်းရန်အတွက် ဇူလိုင် ၂၆ ရက်နေ့တွင် ကျိုက်မရောမြို့နယ် တောင်က လေးရွာမှ တစ်ဆင့် ဝင်းရော် ဒေသတောင် ညိုတောင်ခြေတစ်လျှောက်သို့ စစ်ကူစစ်ကြောင်းများ ဝင်းရောက်လာလျက်ရှိသည်။
ထိုသို့ စစ်ကြောင်းထိုးလာသောကြောင့် နှစ်ရှည်ဥယျာဉ်ခြံများနှင့်လယ်ယာလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဘေးလွတ်ရာအသီးသီးသို့ ဒေသခံလူထု ၃ဝဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရဆဲဟု ဒေသခံရွာသားများက ပြောသည်။
၎င်းအပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ရွာအမြှောက်တပ်ရင်းစခန်းမှ ခလယ်တံခွန် တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာတွင်းသို့ ၁၂ဝ မမ၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် နေ့စဉ် လှမ်းပစ်ခတ်နေလျက်ရှိသလို တံခွန်တိုင်ရဲစခန်းမှလည်း ၈၁ မမ လက်နက်ကြီးဖြင့် ကျေးရွာအနီးဝန်းကျင်သို့ ပစ်ခတ်နေသည့်အတွက် ဒေသခံများ၏ နေအိမ် ၁ဝ လုံးဝန်း ကျင်ထိမှန်ပျက်စီးပြီး အရပ်သားများလည်း ထိမှန်ဒဏ်ရာရသူများရှိသည်ဟု စစ်ရှောင် ကူညီသူများထံမှ သိရသည်။
ဝင်းရော်ဒေသ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း ၁ဝ ကျော်နှင့် ကိုယ်ထူ ကိုယ်ထကျောင်း အသီးသီးတို့သည် ဒေသတွင်း အခြေအနေအမျိုးမျိုးကြောင့် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှသာ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများ အနေဖြင့် စာသင်ကြားမှုရက်အနည်းငယ်သာရကြသေးဟု ကျောင်းသားမိဘများထံမှ သိရသည်။



















