ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်များက ဆန်နှင့် ဈေးဆိုင် တင်ရောင်းရန် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ ဆိုင်ကယ်ကယ်ရီများအား ဇူလိုင်လ ၆ရက်နေ့ကတည်းက စတင် ဖမ်းဆီးထိန်းသိမ်းနေကြောင်း ဒေသခံများက ပြောသည်။
သမင်အင်းကုန်းရွာမှ ကျောက်တံခါးမြို့သို့သွားရာလမ်းတွင် လက်ရှိအချိန်ထိ စစ်ကောင်စီ၏ တားမြစ်ဖမ်းဆီးမှုကို ခံရ သည့် ဆိုင်ကယ်အစီးရေ ၂၀စီးထက်မနည်းရှိနေပြီး အများစုမှာ ဆန်နှင့် ဈေးပစ္စည်းများ တင်ဆောင်လာရင်း ဖမ်းဆီးခံရ ခြင်းဖြစ်သလို အချို့လူများမှာ ရိုက်နှက်ခံရမှုများလည်းရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“အဓိကက ဆန်တင်တဲ့ဆိုင်ကယ်တွေကို ဖမ်းတာပါ။ ပြီးတော့ ပစ္စည်းတွေရော၊ ဆိုင်ကယ်ရော သိမ်းတယ်။ လိုင်စင်ရှိ တဲ့သူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့သူတွေကတော့ ငွေနဲ့လိုက်ရွေးတာတောင် မရဘူးလို့ ပြောတယ်။ အဖမ်းခံလိုက်ရတဲ့သူတွေထဲက ၄ယောက်ကို ရိုက်နှက်ထားတာလည်း မျက်နှာတွေက ဖူးယောင်နေတာပဲ။”ဟု အဆိုပါ ဒေသခံအမျိုးသမီးက ကေအိုင်စီသို့ ပြောဆိုသည်။
ထိုနယ်မြေအတွင်းရှိ ဒေသခံအများစုမှာ လိုင်စင်မဲ့ဆိုင်ကယ်များသာ မောင်းနှင်အသုံးပြုကြရာ ကြိုတင်အသိပေး ကြေ ညာခြင်းမရရှိဘဲ ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးလာသဖြင့် အများအပြား အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ ထို့အပြင် မောင်း နှင်သူများအား လိုင်စင်မဲ့မောင်းနှင်မှုဥပဒေဖြင့် တစ်လ အချုပ်ကျခံရမည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်ရာအသိုင်းအ ဝိုင်းမှ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
အခြားဒေသခံ ရွာသားတစ်ဦးကလည်း “ဖမ်းခံရတဲ့သူတွေကို နယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတယ်။ ပြန် လွှတ်မလွှတ်တော့ ကျနော်တို့ သေချာမသိရသေးဘူး။ ဖမ်းခံရတာလည်း ဆယ်ဂဏန်း(၁၀ဦးဝန်းကျင်)ရှိတယ်။”ဟု ၎င်းက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။
ထို့အတူ ကျောက်ကြီးနှင့် မုန်းမြို့ဘက်တွင်လည်း စစ်ကောင်စီက ဆန်နှင့် ဆေးဝါး သယ်ဆောင်ခွင့်အား ဆက်လက် ပိတ်ဆို့ကန့်သတ်ထားဆဲဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ဆန်ဝယ်ယူရာတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေ ရသလို တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုဖြစ်ခြင်း၊ ကုန်စည်စီးဆင်းမှုခက်ခဲ၍ ကုန်ဈေးနှုန်းကြီးမြင့်လာသည့်အ တွက် ဒေသခံများကော၊ စစ်ရှောင်ကူညီနေသူများပါ ဆန်နှင့် ဆေးဝါးများဝယ်ယူရာတွင် ခက်ခဲမှုများစွာရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် လပိုင်းများကလည်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ဆန်သယ်ဆောင်လာသော မော်တော်ယာဥ်များ ကို စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ရာတွင် ကန့်သတ်ပမာဏထက် ပိုတင်ဆောင်လာသော ဆန်အိတ်များအား သိမ်းယူခြင်း၊ ငွေဖြင့်ပေးဆောင်ကာ ပြန်ရွေးယူခိုင်းခြင်းများကိုပါ တွေ့ကြုံခဲ့ရကြောင်း ဒေသခံများက ပြောသည်။



















