ဇူလိုင်လ (၉)ရက် ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များ အဓိက အသုံးပြုနေသည့် မြို့နယ် လျှပ်စစ် ဓာတ်အားခွဲရုံးကို ဇူလိုင်လ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOFက ယနေ့တွင်သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F နှင့် Cloud wings ဒရုန်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ၏ ဗျူဟာကုန်း၊ ဌာနဆိုင်ရာရုံးများနှင့် CCTVစသည့်နေရာများကို အဓိကလျှပ်စစ်ဓာတ်အားခွဲယူအသုံးပြုနေခြင်းကြောင့် ယခုလိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SOF တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“လျှပ်စစ်ဓာတ်အားခွဲရုံမှာ စစ်ကောင်စီရဲ့ရုံး သူတို့ရဲ့ဗျူဟာကုန်းတွေမှာ သူတို့လုံခြုံရေးမီးထွန်းတာတွေ လျှပ်စစ် ဓာတ်အားသုံးတာတွေ CCTVတွေပေါ့ အဲ့ဒါတွေကိုသူတို့အဓိကသုံးတယ်။ စကစရဲ့ဆက်သွယ် ရေးစက်တွေ အထိုင်ချတဲ့နေရာပေါ့။ သူတို့လျှပ်စစ်ခွဲရုံပဲ ယူသုံးတာပေါ့။ပြည်သူသုံးတဲ့ ဟာမျိုးမဟုတ်ဘူး။ သူတို့ပဲသုံးတဲ့ လျှပ်စစ်ဓာတ်အားရုံးပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ပစ်မှတ်ထားပြီး တိုက်ခိုက် တာပေါ့ နော်” ဟုကေအိုင်စီသို့ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်များ အသုံးပြုနေသည့်လျှပ်စစ်ဓာတ်ခွဲအားရုံးကို USA A1 အမျိုးအစားဖြစ်သည့် ရှေ့ထွက်မိုင်းနှင့် ထိရောက်စွာဖျက်စီးနိုင်ခဲ့ကြောင်းလည်း SOF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၄င်းတိုက်ခိုက်ခံမှုနှင့်ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုများကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ သတင်းထုတ် ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ထို့အပြင် စစ်ကောင်စီတပ်များက အသုံးပြုခွဲယူနေသည့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံး၊Control Box ၊ လျှပ်စစ်ပစ္စည်း၊ အဆောက်အဦးများလည်း မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းခြေ ငွေကျပ်သန်းပေါင်း နှစ်ထောင်( ၂ ဘီလီယံကျပ်) ခန့်ပျက်စီးခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ရက်နေ့တွင်လည်း တောင်ကလေးရဲစခန်းနှင့် ခလယ် တံ ခွန်တိုင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၆၀မမ၊ ၈၁မမ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း တော်လှန်ရေးအင်အားစုဘက်မှ ထုတ်ပြန် ထားသည်။



















