Home သတင်း ကရင်နီတွင် စစ်ဘေးရှောင်အရပ်သားပြည်သူ ဦးရေ ၃ သိန်းဝန်းကျင်ရှိလာနေ

ကရင်နီတွင် စစ်ဘေးရှောင်အရပ်သားပြည်သူ ဦးရေ ၃ သိန်းဝန်းကျင်ရှိလာနေ

470
Photo: KnHRG

ဇူလိုင် ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားပြည်သူ ၃ သိန်းဝန်းကျင်အထိရှိလာနေပြီဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ကေအိုင်စီသို့ ပြောသည်။

KnHRG ဒါရိုက်တာ ကိုဗညားက “အခုနောက်ပိုင်း ကျနော်တို့ပြည်နယ်မှာ စစ်ရေးက တော်တော်ပြန့်သွားတယ်။ တိုက်ပွဲ မဖြစ်တဲ့ နေရာမြို့နယ်ကမရှိတော့ဘူး။ အခုက ဘောလခဲ၊ မယ်စဲ့၊ မိုးဗြဲ၊ ဖယ်ခုံဘက်ကော စတာ‌တွေ တိုက်ပွဲ အကုန်ဖြစ်တယ်။ တိုက်ပွဲကြောင့် အချို့က ထိုင်းဘက်ခြမ်းကို‌ရောက်သွားတယ်။ တချို့ကလည်း နယ်စပ် မှာ‌သောင်တင်တာရှိတယ်။ ကရင်နီပြည်နယ်မှာ စစ်ရှောင်တွေအနည်းဆုံး ၂ သိန်း၇ သောင်း အထက်မှာရှိတယ်”ဟု ပြောသည်။

ယခုမိုးတွင်းကာလအတွင်း တိုက်ပွဲကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်ရသည့် အဆိုပါ ဒေသခံစစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်း အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေး တကြီး လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။

ကရင်နီပြည်နယ်တွင် ယခုနှစ်၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာသလို စစ်ကောင်စီဘက်ကလည်း ဝင်ထွက်သွားလာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့တားဆီးမှု ပိုမိုလုပ်ဆောင်လာနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

“ပိတ်ဆို့မှုတွေက ၂၀၂၂ခုနှစ်ကတည်းကဖြစ်နေပြီးသားပေါ့နော်။ အခုနှစ်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကုန်မှာ ဒီမောဆိုအရှေ့ဘက်ခြမ်းမှာတိုက်ပွဲစဖြစ်တယ်။ မိုးဗြဲ၊ ဖယ်ခုံဘက်ဖြစ်တယ်။ ဒီဇွန်လထဲမှာမိုးဗြဲ၊ ဖယ်ခုံ အပြင်အခြားဒေသမှာဖြစ်တော့ စစ်ကောင်စီတပ်က ပိုပြီးတော့မှပိတ်ဆို့မှု တွေတားမြစ်မှုတွေပြင်းထန်လာတယ်”ဟု KnHRG ဒါရိုက်တာ ကိုဗညားက ဆက်ပြောသည်။

စစ်ကောင်စီက သွားလာမှုလမ်းကြောင်းများကို ပိတ်ဆို့တားဆီးမှုများ ပိုမိုလုပ်ဆောင်လာသဖြင့် ပိတ်မိနေသည့် စစ်ဘေးရှောင်ဒေသခံများမှာ စားနပ်ရိက္ခာနှင့် အသက်အိုးအိမ်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးသူများက ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး -UNOCHA ၏ ယခုနှစ် မေလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ ဒသမ ၈ (၁.၈) သန်း‌ကျော်ရှိသည်ဟု ဖော်ပြထားသည်။