Home ဆောင်းပါး ပုံစံ၂မျိုးနဲ့ တည်ရှိနေတဲ့ မညီမျှမှု ၂မျိုး

ပုံစံ၂မျိုးနဲ့ တည်ရှိနေတဲ့ မညီမျှမှု ၂မျိုး

1041

ပုံစံ၂မျိုးနဲ့ တည်ရှိနေတဲ့ မညီမျှမှု ၂မျိုး

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ရက်)

အများပြည်သူက အလွယ်တကူ မြင်နိုင်တဲ့၊ သိနိုင်တဲ့အချက်ကတော့ နိုင်ငံနဲ့အဝန်းက တိုက်ပွဲတွေဟာ မညီ မညာ ဖြစ်ပွားနေတယ်ဆိုတဲ့အချက်ပါပဲ။ ပုံစံ ၂မျိုးနဲ့ မညီမညာ ဖြစ်နေတာပါ။

ပထမတစ်မျိုးက ဒေသတစ်ခုမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာပြီဆိုလျှင် အခြားနေရာဒေသတွေ မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ငြိမ်သက်သွားတာ၊ အရှိန်လျော့ကျသွားတာ၊ ရပ်စဲသွားတာမျိုးဖြစ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ ယာဉ်နဲ့လက်နက်စွမ်းအားဖက်မှာ မညီမမျှဖြစ်နေတဲ့ အချက်ဖြစ်ပါတယ်။ အကြမ်း ဖက် (စကစ)စစ်အုပ်စုက သူ့ရဲ့တပ်အင်အားကို လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်းနဲ့ အချိန်ကာလတိုအတွင်း လိုသလို ဖြန့်ကျက်နိုင်စုစည်းနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် စစ်ဖက်/အရပ်ဖက် လေယာဉ်၊ သင်္ဘော၊ မီးရထား၊ ကား စတဲ့ယာဉ်တွေကို လွတ်လွတ်လပ်လပ် အသုံးချနိုင်ခွင့်ရရှိနေပါတယ်။

ပြီးတော့ ဝေဟင်ကို တစ်ဖက်သတ် စိုးမိုးထားနိုင်ပြီး လိုအပ်တဲ့နေရာကို အချိန်တိုအတွင်း ဗုံးကြဲနိုင်၊ ပစ်ခတ် တိုက်ခိုက်နိုင်ပါတယ်။ ဒါ့အပြင် မြေပြင်မှာလည်း အထိုင်စခန်းတွေကနေ အဝေးပစ်အမြောက်ကြီးတွေနဲ့ ထင်သလို ပစ် ခတ်နိုင်ပါတယ်။

ခုခံစစ်ကို ဆင်နွှဲနေသူတွေဖက်ကတော့ မြေပြင်တပ်ချင်း ရင်ဆိုင်တိုက်ခိုက်မှုတွေမှာတော့ သာလွန်မှုတွေရှိနေ တာဟာ အင်မတန်မြင်သာပါတယ်။ ရှိသမျှ လက်နက်ခဲယမ်း၊ ရှိသမျှ လူသူအင်အားကို စုစည်းပြီး ရန်သူ (စကစ) အခြေ ချတပ်စွဲထားတဲ့ အစွန်အဖျားက တပ်စခန်းတွေ၊ ကာကင်းကုန်းတွေနဲ့ တချို့အထိုင်တပ်တွေကို အနိုင်တိုက်ယူနိုင်တဲ့ စွမ်းရည်ရှိလာပါတယ်။

သို့သော်လည်း ထိုသို့စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေ၊ ကာကင်းကုန်းတွေ ရေရှည်ထိန်းမထား နိုင်ပါဘူး။ ဝေဟင်ကနေ ဗုံးကြဲမှုနဲ့တိုက်ခိုက်မှု၊ မြေပြင်ကနေ အဝေးပစ်အမြောက်ကြီးများနဲ့ ပစ်ခတ်မှုတွေကို ပြန် လည်ရင်ဆိုင် တုန့်ပြန်ပစ်ခတ်နိုင်တဲ့ လက်နက် မရှိပါဘူး။ လေယာဉ်ကို ပြန်လှန်ပစ်ခတ်နိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲ ယမ်း မရှိသလို၊ မြေပြင်ကနေ မိမိကိုယ်လှမ်းပစ်နေတဲ့ အမြောက်စခန်းကို ပြန်ပြီးပစ်ခတ်နိုင်တဲ့ အမြောက်နဲ့ကျည်ဆန် လည်း လုံလုံလောက်လောက် မရှိပါဘူး။ ရှိရင်လည်း ပစ်ခတ်မှုနည်းပညာ၊ ကျည်ဆံစတဲ့ အကန့်အသတ် အမျိုးမျိုးတွေ နဲ့ ဖြစ်ပါတယ်။

ဒီတော့ စခန်းတွေကို ရေရှည်ထိန်းထားဖို့ မဖြစ်နိုင်ပါဘူး။ ဒီစခန်းတွေကို သိမ်းပိုက်နိုင်တယ်ဆိုတဲ့ နိုင်ငံရေး တန်ဖိုးတော့ ရှိပါတယ်။ ဒီလိုတိုက်ခိုက်သိမ်းပိုက်နိုင်မှုတွေ၊ ရန်သူ့သက်ရှိအင်အားတွေ ချေမှုန်းနိုင်မှု၊ ဖမ်းဆီးနိုင်မှုတွေ က (စကစ)တပ်တွင်းကို မတူတဲ့အတိုင်းအတာနဲ့ ရိုက်ခတ်မှုရှိတာတော့ အမှန်ပါပဲ။ တချို့စစ်မျက်နှာတွေ တချို့တပ် တွေဟာ အလွယ်တကူ လက်နက်ချကြတာရှိသလို အချို့ကလည်း သူတို့အထိုင်စခန်းကို အလွယ်တကူ စွန့်ခွာသွား တတ်ကြပါတယ်။ ဆိုလိုချင်တာတော့ ဟိုးယခင်ကလည်း နင်လားငါလား ခံချတာမျိုး မရှိတော့တဲ့အချက်ပါ။ လေယာဉ်နဲ့ လက်နက်ကြီးပစ်ကူသာ မရရှိဘူးဆိုရင် သူတို့ရဲ့မြေပြင်တပ်တွေဟာ ချေမှုန်းခံရဖို့ ၇၅ရာခိုင်နှုန်း သေချာ ပါတယ်။

သို့သော်လည်း အထက်မှာတင်ပြခဲ့သလိုပါပဲ။ ပုံစံ ၂မျိုးနဲ့တည်ရှိနေတဲ့ မညီမျှမှု ၂မျိုးဟာ ကာလရှည်ကြာလာ တာနဲ့အမျှ ရန်သူကို တစုံတရာ အသက်ရှူပေါက် ရရှိသွားစေနိုင်တယ်လို့ ယူဆပါတယ်။ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေ ကြသူတွေဟာ နေရာစုံကနေ အချိတ်အဆက်မိမိ တိုက်ခိုက်တာကြမျိုးမဟုတ်ဘဲ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်ဦး တည်ချက်နဲ့ကိုယ်၊ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် မညီမညာ တိုက်ခိုက်နေမှုဟာ ရန်သူ့အတွက် လက်နက်လူသူအင်အားကို လိုသလို စုစည်းဖြန့်ခွဲနိုင်ဖို့အတွက် အခွင့်သာချက်တွေ အလွယ်တကူ ရရှိနေစေပါတယ်။

ဒီလိုမှမဟုတ်ဘဲ ခုခံစစ်ဆင်နွှဲနေကြသူတွေအနေနဲ့ နိုင်ငံရေး/စစ်ရေး အပြန်အလှန်ညှိနှိုင်းကြပြီး အနည်းဆုံး စစ်မျက်နှာ ၂ဖက်၊ တောင်ဖက်နဲ့ မြောက်ဖက် (သို့မဟုတ်) အရှေ့ဖက်နဲ့ အနောက်ဖက်တို့ကနေ စစ်မျက်နှာဖွင့်ပြီး အချိတ်အဆက်ရှိရှိ ထိထိမိမိ ထိုးစစ်ဆင်ကြမယ်ဆိုရင် ဘုံရန်သူ (စကစ) စစ်အုပ်စုအဖို့ ဘေးကျပ်နံကျပ်တွေ ယခု ထက် ပိုပြီးကြီးမားကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။

ဒီလိုသာ ပီပီပြင်ပြင် တိုက်ခိုက်လာနိုင်ပြီဆိုရင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းနဲ့ ဧရာတီမြစ်ရိုးတစ် လျှောက်မှာ ရန်ကုန်-မန္တလေးမီးရထားလမ်း၊ ကားလမ်းတစ်လျှောက်မှာ ကျယ်ပြန့်တဲ့ ပျောက်ကြားစစ်မျက်နှာကြီးတစ် ခု ပေါ်လာနိုင်ပါတယ်။ လက်တွေ့အရလည်း ပေါ်နေပါပြီ။ သို့သော်လည်း မိမိတို့အင်အားစုများဖက်က ချိတ်ဆက်စု စည်းမှု လိုအပ်ချက်တွေ ရှိမြဲရှိနေသေးတဲ့အတွက် ရန်သူ(စကစ) စစ်အုပ်စုဟာ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို သူ့ကို တိုက်ခိုက်နေတဲ့ ပစ်မှတ်တစ်ခုချင်းစီကို လိုက်လံတိုက်ခိုက်နိုင်တဲ့ အနေအထား ရရှိနေပါတယ်။ အကယ်၍သာ အနည်း ဆုံး စစ်မျက်နှာ ၂ဖက်သို့မဟုတ် ၃ဖက်ကနေ အချိတ်အဆက်ညီညီနဲ့ တိုက်ခိုက်နိုင်ကြမယ်ဆိုရင် မုန်ယိုနေတဲ့ ဆင်ဆိုး ဆင်မိုက်ကြီးကို မျက်နှာစာအသီးသီးကနေ ရသမျှလက်နက်ခဲယမ်းတွေနဲ့ အဆက်မပြတ် ထိခိုက်နာကျင်နေအောင်၊ အနားမရအောင် နှောင့်ယှက်တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ် မိမိစိုးမိုးထားနိုင်တဲ့ နယ်မြေထက်ကျော်လွန်ပြီး မတိုက်ကြဘူး။ မိမိနယ်မြေထဲမှာပဲ စခန်းထိုင် အခြေချနေမယ်ဆိုရင်တော့ ရန်သူ့လေယာဉ်နဲ့ အမြောက်ကြီးများအတွက် ပစ်မလွဲ ပစ်မှတ်တွေ ဖန်တီးပေးထားသလိုပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ယနေ့ ခုခံစစ်ကို ဦးစီးနေတဲ့ နိုင်ငံရေး/စစ်ရေးစစ်မျက်နှာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေ နဲ့ လေးလေးနက်နက် စဉ်းစားပြီး အလျင်အမြန် လုပ်ကိုင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်နေပါပြီ။

အိမ်နီးချင်းတိုင်းပြည်တွေပဲဖြစ်ဖြစ်၊ ဟိုးအဝေးက တိုင်းပြည်ကြီးတွေပဲဖြစ်ဖြစ် ကျနော်တို့တိုင်းပြည်အရေးကို စိတ်ဝင်စားကြတယ်။ ပါဝင်ဆောင်ရွက်နေကြတယ်ဆိုတာ သူတို့ရဲ့ ရေတိုရေရှည် သေနင်္ဂဗျူဟာ အကျိုးစီးပွားဆိုတဲ့ အထိုင်ပေါ်ကနေကြည့်ပြီး စိတ်ဝင်စားကြတာ၊ ပါဝင်နေကြတာပါ။ သူတို့က သို့တည်းမဟုတ် သူတို့တိုက်ရိုက် ကိုယ်စား ပြုထားတဲ့ အကျိုးစီးပွားတစ်ခုခုကနေပြီး ကျနော်တို့ရဲ့ခုခံစစ်ကို “စေ့စပ်ကြကွာ – အပစ်ရပ်ကြကွာ – တိုက်ကြကွာ” လို့ ညွှန်ကြား အမိန့်ပေးတာမျိုးကို ဘယ်အဖွဲ့အစည်းကမှ မျက်စေ့မှိတ်ပြီး လိုက်နာခံယူလုပ်ဆောင်လို့ မဖြစ်နိုင်ပါဘူး။

“စေ့စပ်တာနဲ့ တိုက်ခိုက်တာဟာ” ကျနော်တို့ ခုခံစစ်ရဲ့ လက်တွေ့လိုအပ်ချက်နဲ့အညီပဲ ဖြစ်ဖို့လိုအပ်ပါတယ်။

၁၉၄၈ – ၄၉ ခုနှစ်ကနေ ယနေ့အထိ မပြီးနိုင်မစီးနိုင်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးဟာ ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူလူထုကို ကြီးမားကျယ်ပြန့်စွာ ထိခိုက်နစ်နာပါတယ်။ ဒီရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးဟာ အိမ်နီးချင်းတိုင်း ပြည်များအတွက်တော့ မတူတဲ့အတိုင်းအတာနဲ့ အကျိုးစီးပွားတွေ အဆက်မပြတ် ဖြစ်ထွန်းရရှိနေစေတယ် မဟုတ်ပါ လား။

ဒါ့ကြောင့် ပုံစံ ၂မျိုးနဲ့တည်ရှိနေတဲ့ မညီမျှမှု ၂မျိုး တည်တံ့နေအောင် ခွင့်ပြုထားမယ်ဆိုရင်တော့ ဘုံရန်သူ (စကစ)စစ်အုပ်စုအတွက် ထွက်ပေါက်ရရှိသွားစေနိုင်ပြီး ကျနော်တို့ရဲ့ ခုခံတော်လှန်စစ်ဟာ ရှေ့သမိုင်းက တော်လှန်စစ် များနည်းတူ တပိုင်းစီ တဖဲ့စီ ပိုင်းခြား ချေမှုန်းပစ်တာကို ရင်ဆိုင်ကြရပါလိမ့်မယ်။

“ပုံစံ ၂မျိုးနဲ့တည်ရှိနေတဲ့ မညီမျှမှု ၂မျိုး”ကို အတိုင်းအတာတစ်ခုအထိ သေးကျုံ့သွားအောင် ဆောင်ရွက်နိုင် တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ခုခံတော်လှန်စစ်ဟာ ခေါင်းမော့၊ ရင်ကော့နိုင်ဖို့ အများကြီးနီးစပ်လာပြီလို့ အသေအချာ ပြောဆိုနိုင်ပါလိမ့်မယ်။