Home သတင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဘိုးစျေးကျ၍ ထိုင်း-မြန်မာနယ်စပ် ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်မည့်သတင်းကြောင့် ကျပ်ငွေတန်ဘိုးစျေးကျ၍ ထိုင်း-မြန်မာနယ်စပ် ငွေလွှဲလုပ်ငန်းများ ရပ်တန့်နေ

2292
Photo: Crd.

ဇူလိုင်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လ ၃၁ရက်တွင် အသစ်ထုတ်ဝေမည့် ကျပ်နှစ် သောင်းတန် ငွေစက္ကူသတင်းထုတ်ပြန်အပြီး နာရီပိုင်းအတွင်း မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်စျေးကျသွားသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ငွေလွှဲ လုပ်ငန်း များ ရပ်တန့်သွားသည်အထိဖြစ်နေကြောင်း ထိုင်း-မြန်မာငွေကြေး ငွေလွှဲ/ငွေလဲလုပ်ငန်း လုပ်ကိုင်သူများ ပြောစကား အရ သိရသည်။

နယ်စပ် မြဝတီမြို့တွင် ယမန်နေ့က မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၁၁၅ ဘတ်မှ ယနေ့ နံနက် စစ်ကောင်စီက ဇူလိုင်လကုန်တွင် ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူ ထုတ်လုပ်ဖြန့်ဝေမည့်သတင်းများ တက်လာပြီးနောက် မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဘတ်အထိ စျေးကျသွားသည့်အတွက် လက်ရှိ ထိုင်း-မြန်မာနယ်စပ် ငွေလွှဲ/ငွေလဲလုပ်ငန်းများ ရပ်တန့်သွားရသည်ဟု နယ်စပ် ငွေကြေးငွေလွှဲ/ငွေလဲ လုပ်ကိုင်သူတစ်ဦးက ပြောသာ်။

မဲဆောက် စျေးကြီးမှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “အခု ညနေပိုင်းမှာ ထိုင်း ဘတ်ငွေ ၁၁၁၀ ကနေ ၁၀၀၀ ဘတ်အထိ ထိုင်းဘတ်ငွေ စျေးတက်ပြီး မြန်မာ ကျပ်ငွေ တန်ဖိုးကျသွားတယ်။ နောက်ဘယ်လို ဆက်တိုက် စျေးကျမလဲမသိတော့ ငွေလွှဲ/ ငွေလဲ တာတွေရပ်ထားကြတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ဇူလိုင်လ ၂၃ ရက်တွင်မူ ထိုင်း-မြန်မာ နယ်စပ်ငွေကြေးစျေးကွက်မှာ မြန်မာ ကျပ်ငွေမှ ထိုင်းဘတ်ငွေလဲလှယ်ပါက မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ ဘတ် ပေါက်စျေးရှိနေပြီး ထိုင်ဘတ်ငွေကို မြန်မာကျပ်ငွေလဲလှယ် ပါက ၁၁၂၀ ဘတ်ကို မြန်မာငွေ ၁ သိန်း ပေါက်စျေးဖြင့် စျေးဖွင့်ထားသော်လည်း ငွေလဲသူ၊ ငွေလွှဲသူများ အခက်တွေ့နေကြောင်း သိရသည်။

Photo: Crd.

“ဒီနေ့ မြန်မာပြည်ထဲကို ထိုင်းကနေ ငွေလွှဲတာတွေ လုပ်ဖို့ ခက်နေတယ်။ မြန်မာ ပြည်ဘဏ်တွေလည်း ပြည်တွင်းနေရာတွေကို ငွေပို့လွှဲဖို့ ဘဏ်အကောင့် တွေ စစ်ဆေးတာ၊ အွန်လိုင်းဘဏ်စနစ်ကို သုံးဖို့ အင်တာနက် ခက်ခဲနေတာတွေ ဖြစ်နေ တယ်။ ငွေလွှဲမရတာ၊ တဘက်က ပို့ချင်တဲ့ သူရဲ့အကောင့်ဆီကို မရောက်တာတွေ ဖြစ်နေတယ်။ အခု ထိုင်းကနေ ပြည်တွင်းကို မြန်မာငွေလွှဲတာတွေ ရပ်ထား ရတယ်”ဟု မြန်မာပြည်တွင်းကို ထိုင်းမှ ငွေလွှဲပေးတဲ့ လုပ်ငန်းလုပ်သူတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြဝတီမြို့ဘက်မှ နေထိုင်သူများ ငွေကြေးစျေးများ အဆမတန် ကွာဟလာနေသလို အခြေခံလူတန်းစားများ၏ လုပ်ခလစာဝင်ငွေ နှုန်း များ ဆက်တိုက်ကျဆင်းကာ လူမှုစီးပွားဘဝများပိုမိုခက်ခဲလာနေကြောင်း မြို့ခံများ ၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ မြို့အနီးဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များတိုက်ပွဲဆက်ဖြစ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိနေခြင်းကြောင့် မြို့ပေါ် လုပ်ငန်းရှင်များနှင့်တစ်ပိုင်တစ်နိုင် အလှူရှင်များပေးဝေသည့် စားစရာနှင့် ဆန်ရိ က္ခာကိုသာ အားကိုးနေထိုင်ရသည့် ဒေသခံမိသားစုများပိုများလာနေကြောင်း မြဝတီ မြို့ အခြေစိုက် ပရဟိတ လုပ်ဆောင်ကူညီနေသူများက ပြောသည်။