Home သတင်း လေးကေကော်နှင့် သေ့ဘောဘိုး ဒေသခံများ မိုင်း နှင့် ကြွင်းကျန် စစ်လက်နက်ပစ္စည်းများ အန္တရာယ်ရှိနေ ကြောင်းသိရ

လေးကေကော်နှင့် သေ့ဘောဘိုး ဒေသခံများ မိုင်း နှင့် ကြွင်းကျန် စစ်လက်နက်ပစ္စည်းများ အန္တရာယ်ရှိနေ ကြောင်းသိရ

698

ဇွန်လ ၁၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက် ဖလူး – ဝေါလေ လမ်းပိုင်း ရှိ လေးကေကော် မြိုသစ်နှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲ တစ်နှစ်ကျော်အကြာ ဖြစ်ပွားထားသည့် နေရာများတွင် မိုင်း နှင့် ကြွင်းကျန်စစ်လက်နက်ပစ္စည်းများ အန္တရာယ်ရှိ နေကြောင်း လေးကေကော် စစ်ဘေးရှောင် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဒေသတွင် နှစ်ဖက် တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် လေးကေကော်နှင့် သေ့ဘောဘိုး နေရာ များတွင် နေရပ်ပြန်သူတချို့ရှိပြီး ရပ်ကွက် နေအိမ်များ၏ ခြံဝန်းများတွင် မပေါက်ကွဲသေးသော လက်နက်ကြီး ကျည်များနှင့် စစ်ကောင်စီ ဘက် ထောင်ထားသော မိုင်းများကျန်ရှိနေသေးကြောင်း လေးကေကော် ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“လေးကေကော် မှာလည်း လူတချို့ ပြန်နေ နေကြတယ်။ သေ့ဘောဘိုးမှာလည်း လူတချို့ ပြန်နေကြတာရှိ တယ် ။ စစ်တပ်ကရော ကရင်ဘက်ကရော ပစ်ခတ်တိုက်ပွဲ ဖြစ်ထားကြတဲ့ နေရာဆိုတော့ စိတ်မချရသေးဘူး။ တချို့ အိမ်တွေ ခြံတွေထဲဆို မပေါက်သေးတဲ့ အလုံးကြီးတွေ စိုက်ဝင်နေတာရှိတယ်။ စစ်တပ်က မိုင်းတွေ ထောင်ထား တာခဲ့တာလည်းရှိတယ်။ ဟု ကေအိုင်စီသို့ ပြောသည်။

ပြီခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နှစ်ဖက်တိုက်ပွဲမဖြစ် သည့်အချိန်အတွင်း လေးကေကော် ရပ် ကွက်ဘက်နှင့် ပန်းခြံကုန်းဘက်တွင် ဒေသခံများ ချုံ မြက် ကိုင်းပင်များ ခုတ်ထွင် ရှင်းလင်း မီးရှို့စဥ် မပေါက် ကွဲသေးသည့် လက်နက်ကြီး ကျည်တစ်လုံး ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး နှင့် အမျိုးသား နှစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့သေးကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“ချုံပင် ကိုင်းပင်များ ခုတ်ထွင် ရှင်းလင်းပြီး မီးရှို့ရင်း ထပေါက် ကွဲ လို လူထိခိုက်တာ၊ ခြေထိ့ လက်ထိ့ ဖြစ်တာ ရှိတယ်။ မျက်နှာ နဲ့ ဦးခေါင်းထိခိုက်တာတွေရှိတယ်။ ဒါပေမယ့်လည်း ပြန်နေနေကြတယ်။ ဘယ်တော့ဘာဖြစ် မလဲဆိုတာက အမြဲတမ်း သတိထားနေ နေရတယ်။” ဟု နောက်ထပ် လေးကေကော် မြို့သစ်သို့ ပြန်လည် ဝင် ရောက်နေထိုင်သူ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ လတ်တလော ကာလတွင် လေးကေကော်မြို့သစ် မယ်ဝါးခီးကျေးရွာ နှင့် သေ့ဘောဘိုး ကျေးရွာ ဘက်တွင် ကိုယ်ထူ ကိုယ်ထ စုပေါင်းစာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနေသည့် ကာလ ဖြစ်သလို စစ်တပ်မှ စခန်းအနီး မိုင်းထောင်ထားခြင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်များ ကျန်ရှိနေသေး သည့်အတွက် ဒေသခံ ပညာသင်ကြားနေသည့် ကလေးငယ်များ မိုင်းအန္တရာယ်ရှိနေမည်ကို စိုးရိမ်ကြောင်း ကျောင်းသား မိဘများက ပြောသည်။

သေ့ဘောဘိုးဒေသခံ ကျောင်းသားမိဘတစ်ဦးက “အခုက သေ့ဘောဘိုး ရွာထိပ်နဲ့ စစ်တပ်က စစ်စခန်း သစ်နေရာချ ထားတဲ့ နေရာ နှစ်ခုရှိနေတယ်၊ သူတို့ နေနေတဲ့ နေရာပတ်ခြာလည် မိုင်းထောင်ထားတယ်။ ရွာက ကျွဲး၊ နွား နဲ့ ဆိတ်တွေ မကြာခဏ နင်းမိပြီး ထိတယ်။ ကလေး တွေကျောင်းနားချိန် ကျွဲးကျောင်း ဆိတ် ကျောင်း ရင်း အန္တရာယ်ဖြစ်မှာ စိုးရိမ်နေရတယ်။ ကျောင်းတွေ ပြန်ဖွင့်ချိန်ဆိုတော့ ဟိုကစား ဒီကစားရင်း စစ်ကျန်ပစ္စည်း ဟောင်းတွေ ကိုင်ကစားမိရင် မတွေးရဲ ဘူးလေ” ဟု ကေအိုင်စီ သို့ ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်း ဖြစ်စဥ်ကြောင့် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့များ အကြား လေးကေကော်၊ ဖလူး၊ မင်းလက်ပံ၊ ရသေ့ဂူဒေသဘက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅,၀၀၀) ခန့် နေရပ်စွန့်ခွါ ထွက်ပြေး ရှောင်တိမ်းခဲ့ရပြီး တချို့မှာ နေရပ်ပြန်နေကြသော်လည်း အများစုမှာ ယာယီ စစ်ရှောင်စခန်းများတွင်သာ ဆက်လက် တိမ်းရှောင်နေကြရဆဲဖြစ်သည်။

ထိုသို့ နေရပ်စွန့်ခွာ ခိုလှုံနေရသည့် စစ်ရှောင်စခန်းများတွင် ယာယီနေထိုင်ကြစဥ်အတွင်း မိုင်း အန္တရာယ် အသိ ပညာပေး အစီအစဥ်များ ဟောပြောလုပ်ဆောင်မှုအချို့ ရှိကြောင်း သိရပြီး ယခု တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ကာလအတွင်း မိုင်းရှင်းလင်းသည့် လုပ်ငန်းစဥ်ကို စစ်တပ်ဘက် နှင့် KNLA ပူးပေါင်းတပ်ဘက်မှ လုပ် ဆောင်မှု မရှိသေးကြောင်း စစ်ဘေးရှောင် ဒေသခံ ပြည်သူများက ပြောသည်။