Home ဆောင်းပါး မဲကနယ်မြေက တိတ်ဆိတ်သွားသည့် ဓမ္မခေါင်းလောင်းသံ

မဲကနယ်မြေက တိတ်ဆိတ်သွားသည့် ဓမ္မခေါင်းလောင်းသံ

1244
Photo-CJ

စောမြတ်ဦးသာ

(ဇွန်လ ၂၇ ရက်၊ ၂ဝ၂၃ ခုနှစ်)

မြေပြင်တွင် ဟိုတစ်စဒီတစ်စဖြင့် ပြန့်ကျဲနေသည့် အုတ်ခဲအုတ်ပုံများကြားတွင် ကရင်ရိုး ရာဝတ်စုံ ဝတ်ဆင်ထားကြသည့် မဲကနယ်ဒေသခံတစ်ချို့သည် ဘုရားကျောင်းတွင် မပျက်စီးဘဲ တစ်ခုတည်းသာ ကျန်နေသေးသည့် ခရစ်ယာန်နှစ်ခြင်းရေကန်အနီးတွင် နှစ်ခြင်းခံ ဝတ်ပြုဆုတောင်းနေကြသည်ကို ပြီးခဲ့သည့် ဇွန်လ ၇ နေ့က ၎င်းတို့၏ ဘုရားကျောင်းလူမှုကွန်ယက် ပေါ်တွင် တင်ထားသည်။

မြန်မာလ ၈ ရက်နေ့သည် ဥပုဒ်နေ့ဖြစ်၍ ဗုဒ္ဓဘာသာယုံကြည်သူတို့၏ နေ့မြတ်နေ့ထူးအဖြစ် သတ်မှတ်ပြီး ကောင်းမှုကုသိုလ်ဒါနပြုကြကာ ဝေနေယျသတ္တဝါများအား ကြေးစည်ခေါင်းလောင်းထိုးကာ အမျှပေးဝေလေ့ ရှိကြသည်။ ထို့အတူ တနင်္ဂနွေနေ့ရက်သည် နှစ်ခြင်းခရစ်ယာန်ဘာသာ ယုံကြည် ကိုးကွယ်သူများ ဘုရားသခင်ထံတွင် ကောင်းချီးမင်္ဂလာများ ဆောင်ယူလာသည့် နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် ကျောင်းတော်ပေါ်မှ ထွက်ပေါ်လာသည့် ဓမ္မခေါင်းလောင်းသံသည်လည်း မဲကနယ် ဒေသတစ်ခုလုံးတွင် မေတ္တာစိတ်နှလုံးချမ်းမြေ့ဖွယ်ဖြင့် ကြားရသည်။

ဧပြီလ ၁၈ ရက် တနင်္ဂနွေနေ့သည် မဲကနယ်ဘုရားကျောင်းတော်ထံ ဓမ္မခေါင်းလောင်းသံများ မကြားရတော့ချေ။ ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ ညနေ ၈ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ဘုရားကျောင်းတော်အား မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချခဲ့ပြီး ကျောင်းတော်ကြီးတစ်ခုလုံးလည်း မီးခိုးလုံးများကြားတွင် မွမွကြေပျက်စီးသွားပြီး ကျောင်းတော်ခေါင်မိုးပေါ်ရှိ ဓမ္မခေါင်းလောင်းကြီးလည်း မြေခသွားလေသည်။

“ ဘုရားကျောင်းကို လာရောက်ဗုံးကြဲချတော့ အကုန်လုံးကိုပျက်စီးသွားတယ်။ ကိုးကွယ်ဝတ်ပြု တဲ့နေရာမှာ နှစ်ခြင်းရေကန်တစ်ခုပဲ ကျန်နေတယ်။ ဒီလိုမပြည့်စုံတော့တဲ့အတိုင်းပဲ ကိုးကွယ်မှုပြု လုပ်ရတာပေါ့”ဟု အဆိုပါ ကရင်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာစောစဲမယယ်က ပြောသည်။

မဲကနယ်ဒေသ၏ တနင်္ဂနွေရက်မြတ်သည် လူငယ်အသင်း၊ အမျိုးသမီးအသင်းနှင့် ခရစ်ယာန် ဘာသာယုံကြည်သူတို့သည် ဓမ္မကျောင်းတော်ကြီးဆီ စုဝေးလာရောက်ကြပြီး လိုရာဆုအသီးသီး ဝတ်ပြု ဆုတောင်းကြလေ့ရှိသည်။ အဆိုပါ မဲကနယ်ဒေသ၏ ကရင်နှစ်ခြင်းဘုရားကျောင်းသည် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဘုရာကျောင်းများထဲတွင် အကြီးဆုံးဘုရားကျောင်းတစ်ကျောင်းလည်းဖြစ်ပြီး နှစ်ခြင်းခံယူထားသူ ၃ဝဝ ကျော်အထိ ရှိနေသည်။

တနင်္ဂနွေနေ့သည် ယုံကြည်သူတို့၏ မင်္ဂလာကောင်းချီးနေ့ရက်ဖြစ်၍ ဘုရားကျောင်းဆောင်၏ နှစ်ထပ်ခေါင်းမိုးပေါ်ရှိ ဓမ္မခေါင်းလောင်းသံက အထက်ဘဝဂ်တိုင်အထိ လွင့်ပျံကြားနေရပြီး ဘုရား၏ကောင်းချီး မေတ္တာကျေးဇူးက ထိုယုံကြည်သူတို့၏ နှလုံးသားထဲအထိ ကိန်းအောင်း စေလျက်ရှိနေသည်။ “ ငါတို့ဘုရားကျောင်း ဗုံးကြဲခံလိုက်ရတော့ ဘုရားရှိခိုးဖို့က အရင်လိုမပြည့်စုံတော့ဘူးလေ” ဟု မဲကနယ်ဒေသခံ စောနပိုရီယံက ပြောသည်။

ဘုရားကျောင်းတော်ကြီးအား ယုံကြည်သူအများကောင်းမှုဖြင့် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် စတင် တည်ဆောက် ခဲ့ကြသည်။ တန်ဖိုးအားဖြင့် ကျပ်သိန်းတစ်ထောင်ကျော်ရှိပြီး မဲကနယ်ဒေသရှိ ခရစ်ယာန် နှစ်ခြင်းယုံကြည်ကိုယ်ကွယ်သူတို့၏ တစ်ခုတည်းသော ကိုးကွယ်ရာ စုဝေးရာ ဝတ်ပြုဆုတောင်းရာ နေရာဘုံတစ်ခုလည်း ဖြစ်သည်။

ဘုရားကျောင်းဗုံးကြဲမခံရမီ မတ်လ ၂၅ ရက်နေ့တွင် မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီ နောင်နှင့် မဲကနယ် မြေများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့ နှစ်ဖက်တိုက် ပွဲပြင်း ထန်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများလာသည့်အပေါ် မဲကနယ်၊ ကွင်း ကလေး၊ ကျောက်တောင်ကျောင်မိုင်းနှင့် ကျောက်ဂူတစ်ထောင်ဘုရားတောင်တစ်ဝိုက်တွင် လေကြောင်းများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်လာပြီး အမြှောက်တပ်ရင်းမှလည်း အဆိုပါမဲကနယ်မြေတစ်လျှောက်တွင် လှမ်းပစ်ခတ်သည့်အတွက် လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိမှန်ပျက်စီးသွားပြီး ဒေသခံလူထု ထောင်ချီစစ် ဘေးတိမ်းရှောင်ခဲ့ကြရသည်။

အဆိုပါမဲကနယ်ဒေသသည် ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌလည်းဖြစ်၊ BGF -နယ် ခြားစောင့်တပ် အမှတ် ၄ တပ်နယ်မှူးစောမုတ်သုန်တို့ တပ်ဖွဲ့ဝင်များ၏ ကြီးစိုးရာနယ်မြေဒေသလည်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ “ ဘုရားကျောင်းဗုံးကြဲခံရတော့ KNU ဘက်ကရော၊ DKBA အဖွဲ့ရော ဓာတ်ပုံမှတ်တမ်းတွေ လာရိုက်သွားပြီးတော့ ကူညီထောက်ပံ့မယ်ပြောတယ်။ BGF တို့ စစ်တပ်တို့ဘက်ကတော့ ဘာမှမပြောဘူးပေါ့နော်”ဟု မဲကနယ်ဘုရားကျောင်းအသင်းတော်ဝင်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်နေ့အထိ ဘာသာရေး အဆောက်အဦးပေါင်း ၁၆၃ ခု ဖျက်ဆီးခံခဲ့ရပြီး ကရင်ပြည်နယ်အနေဖြင့် ဖာပွန်ခရိုင် လူသောမြို့နယ် လေးဝါးအုပ်စုရှိ ခရစ်ယာန်ကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် မက္ကသာဘုန်းတော်ကြီးကျောင်းနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ ထီးကပလယ်ဘုရားကျောင်းများလည်း စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲသည့်အတွက် အသင်းတော်ဆရာများနှင့် ယုံကြည်သူများ ကျည်ထိမှန် သေဆုံးခဲ့ကြသည်ဟု KNU ၏ ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရသည်။

“ ဘုရားကျောင်းက ဆောက်ပြီးတာမကြာသေးဘူး။ ဗုံးကြဲရလောက်အောင် အပြစ်လုပ်တာလည်း မရှိဘူးလေ။ မဲကနယ် သခိုခေါခီ၊ ဖားထိုက်ရွာသားတွေလည်း ဒီမှာပဲ လာပြီးဆုတောင်းဝတ်ပြုကြတယ်။ အခုတော့ ရွာမှာစစ်ဘေးတိမ်းရှောင်သွားကြသူနဲ့ အကြောက်တရားအောက်မှာ နေကြရသူနဲ့ လူတွေသိပ်မရှိတော့ဘူး တိတ်ဆိတ်သွားပြီး” ဟု မဲကနယ်ဒေသခံ စောနပိုလီယံက ပြောသည်။

“ မဲကနယ်ဘုရာကျောင်းကို ကျနော်တို့ရောက်ဖြစ်သေးတယ်။ ဘုရားကျောင်းက ဆောက်ထားတာလည်း အတော်လှတယ်။ ပြည်သူတွေရဲ့အိုးအိမ် ဘာသာရေး အဆောက်အဦး တွေကိုတော့ မထိခိုက်ရအောင် ကျနော်တို့ ရှောင်ရှားပြီးသွားလာနေကြတယ်။ စစ်တပ် ကတော့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ကျောင်းတွေ မရှောင်ဘူး။ သူတို့က အကုန်ပစ်ခတ်ကြတာလေ” ဟု KNU ရှေးတန်းရဲဘော်တစ်ဦးက ပြောသည်။

ယခုတော့ မဲကနယ်ဒေသသည် လူသူကင်းမဲ့နေပြီး ကျေးရွာအတွင်းရှိ ကျန်နေသေးသည့် ဌာနေ ကရင်လူထုတစ်ချို့သာ ရှိတော့သည်။ စစ်ရေးပဋိပက္ခကြားတွင် ယုံကြည်ခြင်းတရားဖြင့် ဆက်လက်ရှင် သန်းနေဆဲဖြစ်ပြီး အုတ်ကျိုးပဲ့ပုံကြားရှိ နှစ်ခြင်းရေကန်တွင် နှစ်ခြင်းခံယူသူအချို့က လာရောက် ဝတ်ပြုမှု နေကြဆဲဖြစ်သည်။

ဒေါနတောင်၏ အရိပ်အာဝါသအောက်တွင် တည်ရှိနေသည့် မဲကနယ်ဒေသသည် တည်ငြိမ် အေးချမ်းစေခဲ့ပြီး စစ်ကောင်စီ၏ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် တနင်္ဂနွေနေ့တိုင်း ဘုရား ကျောင်းပေါ်က ဓမ္မခေါင်းလောင်းသံအား ဌာနေလူထုများက မည်သည့်အချိန်မှသာလျှင် ပြန်ကြားရတော့မည်ဆိုသည်မှာ မသေချာတော့ပေ။