Home ဆောင်းပါး ညီညွတ်ရေးတပ်ပေါင်းစု ဘာကြောင့် ပေါ်ပေါက်မလာနိုင်ရသေးတာလဲ

ညီညွတ်ရေးတပ်ပေါင်းစု ဘာကြောင့် ပေါ်ပေါက်မလာနိုင်ရသေးတာလဲ

1296

ညီညွတ်ရေးတပ်ပေါင်းစု ဘာကြောင့် ပေါ်ပေါက်မလာနိုင်ရသေးတာလဲ

မောင်ကျော်စွာ

(ဇွန်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်)

နွေဦးတော်လှန်ရေး ဆင်နွှဲနေကြတာ အချိန်ကာလအားဖြင့် ၂နှစ်ကျော်လာပြီ။ အကြမ်းဖက်(စကစ) စစ်အုပ်စု ဆန့်ကျင်တိုက်ခိုက်ရေး ညီညွတ်ရေးတပ်ပေါင်းစု ဘာကြောင့် ပေါ်ပေါက်မလာနိုင်ရသေးတာလဲ။ ဒီကိစ္စရဲ့ အကြောင်းနဲ့ အကျိုးကို ကျနော်မြင်သမျှ တင်ပြပါ့မယ်။
အများစုက ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်မီနဲ့ အရေးတော်ပုံကြီးနောက်ပိုင်းကာလ ဖြစ်ရပ် တွေနဲ့ နှိုင်းယှဉ် ချိန်ထိုးစဉ်းစားပြီး ဒီကိစ္စကို ကြည့်လေ့ရှိကြပါတယ်။ နောက်တစ်ချက်ကတော့ ညီညွတ်ရေးတပ်ပေါင်း စု ပေါ်စေချင်တဲ့သဘော၊ တနည်းအားဖြင့် အကြမ်းဖက်(စကစ)စစ်အုပ်စုကို တညီတညွတ်တည်း ဆန့်ကျင်တိုက်ခိုက် စေလိုတဲ့ ဆန္ဒသဘောထားပေါ်မှာ အခြေပြုထားကြတယ်။

ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံဟောင်းနဲ့ နှိုင်းယှဉ်သုံးသပ် စဉ်းစားတယ်ဆိုတဲ့အချက်နဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုကို တော်လှန်ဆန့်ကျင်နေတဲ့ အင်အားစုအသီးသီးကို တညီတညွတ်တည်း ရှိစေချင်တဲ့ သဘောထားဆန္ဒဟာ အင်မတန် လိုလားအပ်တဲ့ အချက်အလက် ၂ခု ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံဟောင်းကို ဖြတ်သန်းနေဆဲ လက်တွေ့နဲ့ ဆက်စပ်ကြည့် တဲ့အခါမှာ တူညီတဲ့ဘက်တွေကို ကြည့်ရမှာဖြစ်သလို မတူကွဲပြားတဲ့ဘက်တွေကိုလည်း ကြည့်ဖို့လိုပါတယ်။ အထူးသ ဖြင့် ယနေ့ကာလမှာရှိတဲ့ မတူညီချက်တွေ ထူးခြားချက်တွေကို ပိုပြီးအာရုံစိုက်ကြည့်ရမှာပါ။ ဒုတိယအချက်ကတော့ အကြမ်းဖက် (စကစ)စစ်အုပ်စုကို တော်လှန်ဆန့်ကျင်နေတဲ့ အင်အားစုအသီးသီးကို တညီတညွတ်တည်းရှိစေချင်တဲ့ သဘောထားဆန္ဒကို လက်တွေ့ အကောင်အထည်ဖြစ်လာအောင် လုပ်တဲ့နေရာမှာ သိပ်ကိုကြီးကျယ်ခမ်းနားနေပေမယ့် ဘယ်လိုမှ လက်တွေ့မကျတဲ့ဆန္ဒတွေကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး လတ်တလောကာလမှာ အင်မတန် သေးငယ်နေသေးသော်လည်း လက်တွေ့ကျတဲ့ ခြေလှမ်းတွေကနေသာ စတင်ရမယ်ဆိုတဲ့ အချက်ပါပဲ။

ပထမအချက်ကို ကြည့်ကြပါစို့။ ၁၉၈၈ခုနှစ် မတိုင်မီက အုပ်စိုးသူ(မဆလ) စစ်အုပ်စုနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ အစရှိတဲ့ တောတွင်းအင်အားစုတွေဟာ ဘယ်လိုနားလည်မှု အပစ်အခတ်ရပ်စဲထားမှုမျှ မရှိသေးတဲ့ အနေအထား ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို အောက်ခြေလွတ်ထွက်သွားအောင် လုပ်လိုက်နိုင်တာဟာ ၁၉၈၉ခုနှစ် ဧပြီလ မှာပါ။

(မဆလ)စစ်အုပ်စုဟာ မြို့ပေါ်စစ်မျက်နှာမှာ တတိုင်းတပြည်လုံးရဲ့ အုံကြွဆန့်ကျင်မှုကို အလူးအလဲ ခံနေရချိန် မှာ သူ့ရဲ့ အဓိကရန်သူဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို အောက်ခြေလွတ်သွားအောင်လုပ်လိုက်နိုင်တာဟာ သိပ်ကို အရေးပါတဲ့ အသက်ရှူပေါက်ရသွားတာပါ။ မြို့ပေါ်အုံကြွမှုကိုလည်း ၁၉၉၀ပြည့်ရွေးကောက်ပွဲနဲ့ ချွေးသိပ်ထားနိုင်လိုက် သလို – ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ခွဲထွက်လာကြတဲ့ “လူမျိုးစုအင်အားစု”တွေကိုလည်း (နယ်မြေ/လက်နက် ဘာကိုမှ မထိပါဘူးဆိုတဲ့ နှုတ်ကတိနဲ့) အသာအယာပဲ ထိန်းထားနိုင်လိုက်တယ်။ ၁၉၉၀ပြည့် ရွေးကောက်ပွဲပြီးတဲ့ နောက်မှာ သူ့ရဲ့အပစ်အခတ်ရပ်စဲရေးကို ဟိုးအရှေ့မြောက်ကနေ တောင်ပိုင်းကို တစတစ ရွှေ့ယူအကောင်အထည် ဖော်လာတယ်။ ဒီလိုနည်းနဲ့ အဖွဲ့ကြီး ၁၇ဖွဲ့၊ အဖွဲ့ငယ် ၂၃ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ ပုံပေါ်လာပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်တော့ အဲဒီလိုအနေအထားမျိုး မဟုတ်ပါဘူး။ အဓိကလူမျိုးစု အဖွဲ့အစည်းတွေ က (NCA)စာချုပ်ထဲ ခြေချုပ်မိနေကြတယ်။ တချို့က (Bilateral) လို့ခေါ်တဲ့ နှစ်ဖက်နားလည်မှု ရယူထားချိန်ဖြစ်နေ တယ်။ အရှေ့မြောက်က အင်အားစုတွေ (တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ပုန်ကန်ခွဲထွက်ခဲ့သူတွေ)နဲ့လည်း စစ် အုပ်စုဟာ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း ပီပီပြင်ပြင်မရတဲ့ အနေအထားအောက်မှာ ရှိနေချိန်ဖြစ်တယ်။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးထက် ကျယ်ပြန့်ကြီးမားလှတဲ့ ၂၀၂၁ခုနှစ် လူထုအုံကြွမှုကြီးဟာ နွေဦးလက်နက်ကိုင်တော်လှန်ရေးထိ တရှိန်ထိုး မြှင့်တက်သွားပါတယ်။ ဒီဂယက်နဲ့ ဒီအရှိန်ဟာ နိုင်ငံရေးပါတီတိုင်း – လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို မတူတဲ့အတိုင်းအတာနဲ့ ရိုက်ခတ်ပါတော့တယ်။ နွေဦးတော်လှန်ရေးကို ဘယ်လို သဘောထားကြမလဲဆိုတဲ့ မေးခွန်းဟာ နိုင်ငံရေးအဖွဲ့အစည်းတိုင်း / လက်နက်ကိုင်အဖွဲ့အစည်းတိုင်းအတွက် လက်တွေ့ ဖြေဆိုရမယ့်ကိစ္စ ဖြစ်လာပါတယ်။

ဒီလိုအနေအထားမှာ တဖက်က (NCA) စာချုပ် သို့မဟုတ် (Bilateral) နားလည်မှုတွေ ထိန်းထားတဲ့အောက် မှာ နွေဦးတော်လှန်ရေးအင်အားစုတွေကို အတိုင်းအတာမတူတဲ့ အားပေးကူညီတွေ ဒေသအသီးသီးမှာ ပေါ်ထွက်လာပါ တယ်။ သဘာဝကျစွာပဲ (NCA) စာချုပ် သို့မဟုတ် (Bilateral) နားလည်မှုတွေ ထိန်းထားပြီး မိမိတို့ရရှိနေတဲ့ အခွင့်အ ရေးတွေကို မြော်မြင်တဲ့အမြင်နဲ့ နွေဦးတော်လှန်ရေးကို အားပေးကူညီပြီး မိမိတို့အကျိုးစီးပွား အဝန်းအဝိုင်းကို တိုးချဲ့ လိုတဲ့ အမြင် ၂ရပ်တိုက်ပွဲဟာ အဖွဲ့အစည်းအသီးသီးအတွင်းမှာ ရိုက်ခတ်လာပါတော့တယ်။ “ဗမာ – ဗမာချင်း ချတာ ဖြစ်တယ်” – “ဗမာချင်း ချတာထဲက ငါတို့ အမြတ်ထုတ်ယူရမယ်” ဆိုတဲ့ အမြင်တွေဟာ ဒီအခြေခံပေါ်ကနေ ပေါ်ထွက် လာတာပါ။

ကောက်ကျစ်ယုတ်မာမှုမှာ အင်မတန် အပါးဝ၊ အရိုးရင့်နေတဲ့ အကြမ်းဖက် (စကစ)စစ်အုပ်စုဟာ (NCA) စာချုပ်ကို ဆက်လက်ကိုင်စွဲထားသလို (Bilateral)နားလည်မှုကိုထိန်းထားပြီး ဘယ်လူမျိုးစု အဖွဲ့အစည်းနဲ့မဆို ဆွေး နွေးမယ်လို့ လေသံပစ်လာခဲ့တယ်။ ‘တစ်ပြည်လုံး အပစ်ရပ်စဲတယ်’ ဆိုပြီးလည်း တလပြီးတလ၊ တကြိမ်ပြီးတကြိမ် ထုတ်ပြန်လာခဲ့တယ်။

တဖက်မှာလည်း သူ့ကို အထိနာစေတဲ့ တိုက်ခိုက်မှုတွေပြုတဲ့ လူမျိုးစုဒေသတွေ၊ တပ်ရင်းတွေ၊ တပ်မဟာတွေ၊ ဒေသတွေကိုတော့ ဗုံးကြဲတာ – လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်။ လေ့ကျင့်အခြေပြုစရာနေရာနဲ့ လက်နက်ခဲယမ်း ရေသောက်မြစ်ဟာ လူမျိုးစုဒေသတွေနဲ့ နယ်စပ်ဒေသတွေ ဖြစ်တယ်ဆိုတာကို အကြမ်းဖက်(စကစ) စစ်အုပ်စုက သိတယ်။ အမည်အမျိုးမျိုးနဲ့ (PDF)တွေဟာ ဒီအခြေအနေ၊ အချက်အလက်နဲ့ကင်းပြီး မတည်ရှိနိုင် မလှုပ် ရှားနိုင်ဘူးဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။

ဒါကြောင့် ဒီအချက်ကို အမြစ်ဖြတ်နိုင်ဖို့ လူမျိုးစုအဖွဲ့အစည်းတွေကို ပုံစံမျိုးစုံနဲ့ စစ်ရေး/ နိုင်ငံရေး ဘက်စုံ ထိုးစစ်ဆင်လာတယ်။ သပ်လျှိုသွေးခွဲမှုတွေ မျိုးစုံ အဆက်မပြတ် လုပ်နေတယ်။ ဒါကြောင့် နောက်ပိုင်းမှာ(AA/ULA) ကိုပင်လျှင် အချိုသပ်အပစ်ရပ်ထားပြီး ကျန်တဲ့ PDF တွေကိုသာ အဓိကရန်သူအဖြစ် ထိုးစစ်ဆင်နေတယ်။ ဒါ့အပြင် PDF တွေကို လက်ခံလေ့ကျင့်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ဒေသတွေကိုလည်း ဝေဟင်မြေပြင် အဆက်မပြတ် ကင်းထောင်စောင့်ကြည့်ပြီး ထိန်းချုပ်တာတွေ – ဖိအားပေးတာတွေ – သွေးခွဲသပ်လျှိုတာတွေကို နည်းမျိုးစုံနဲ့ ပြုလုပ် နေတာပါ။
ငွေ၊ လက်နက်ခဲယမ်း အရင်းအမြစ်တွေဟာ လူမျိုးစုတွေနဲ့ တနည်းမဟုတ်တနည်း ဆက်စပ်နေတာမို့ ဒီအ ချက်ကို အဓိကပစ်မှတ်အဖြစ် အကြမ်းဖက်(စကစ)စစ်အုပ်စုက ကိုင်တွယ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါတွေ က စစ်ရေးဆိုင်ရာ တိုက်ကွက်တွေအပိုင်း ဖြစ်ပါတယ်။

အခြားတဖက်ဖြစ်တဲ့ နိုင်ငံရေးဖက်မှာလည်း အကြမ်းဖက် (စကစ)စစ်အုပ်စုက “လူမျိုးစုတိုင်း”နဲ့ တွေ့ဆုံဆွေး နွေး စကားပြောဖို့ကို အစဉ်အမြဲလက်ယပ်ခေါ်နေတယ်။ စစ်အုပ်စုရဲ့ ဒီပေါ်လစီကပဲ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီပါ။ ဒီပေါ်လစီရဲ့ ပထမဘက်က (PDF)တွေကို အထီးကျန်စေဖို့နဲ့ ချေမှုန်းပစ်ဖို့ဖြစ်တယ်။ ဒုတိယဘက်ကတော့ လူမျိုးစုတွေအတွင်းပိုင်းမှာ “အမြင် ၂ ရပ်တိုက်ပွဲ” ပေါ်လာစေဖို့ဖြစ်တယ်။ လူမျိုးစုဒေသတွေကိုဗုံးကြဲပြီးတဲ့အခါတိုင်း – လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ပြီးတဲ့အခါတိုင်း – အရပ်သားတွေ ထိခိုက်ဒဏ်ရာသေဆုံးမှုတွေ ရှိလာတဲ့အခါတိုင်း နောက်ဆက်တွဲ လိုက်လာတာက PDF တွေရှိနေလို့ PDFတွေ လက်နက်ကိုင်တိုက်ပွဲလုပ်နေလို့ ငါတို့ဒေသခံလူမျိုးတွေ သေကြေ ဒဏ်ရာရကြရတယ်။ အိုးအိမ်တွေ မီးလောင်ပျက်စီးရတယ်၊ စစ်မက်ဘေးလွတ်ရာ ထွက်ပြေးကြရတယ်ဆိုတဲ့ ဝါဒဖြန့်ထိုးနှက်ချက် လိုက်ပါလာတတ်စမြဲဖြစ်တယ်။ ဒီလိုအသံတွေကို လူမျိုးစုထဲက ခေါင်းဆောင်အဆင့်ရှိသူတွေရဲ့ ပါးစပ်ကနေထွက်လာအောင် ဆိုရှယ်မီဒီယာမှာ ရေးသားလာအောင် လုပ်လေ့ရှိတယ်။

အခြားတဖက်မှာတော့ PDF နဲ့ NUG ကို ရန်တိုက်ပေးတာပါပဲ။ သို့မဟုတ် NUG နဲ့ လူမျိုးစုအဖွဲ့အစည်းတွေကို ရန်တိုက်ပေးတာပါပဲ။
အစဉ်အလာ လူမျိုးစုအဖွဲ့အစည်းတွေဘက်ကကြည့်ပြန်တော့လည်း ဘယ်သူကမှ သူတို့ကိုယ်တိုင် ရှေ့ဆောင် ရှေ့ရွက်ပြုပြီး “တပ်ပေါင်းစု” ဆိုတာကို ဟိုတချိန်ကလို စုဖွဲ့ဖို့ လုပ်ဆောင်တာမျိုး အခုထိ မတွေ့ရသေးဘူး။ သူတို့လူ မျိုးစုအချင်းချင်းတောင် “တပ်ပေါင်းစု”ဖွဲ့မရတဲ့ အနေအထားဖြစ်နေပါတယ်။ ဒါဟာ ဟိုတုန်းကနဲ့ လုံးဝ မတူတဲ့အချက် ဖြစ်တယ်။

တပ်ပေါင်းစုဖွဲ့ရင် တစ်ခုလုံးကို နိုင်ငံရေး/စစ်ရေးအရ တာဝန်ခံရမယ်။ ခေါင်းဆောင်ရမယ်။ ဒါ့အပြင် ရန်သူ (စကစ)စစ်အုပ်စု တပ်ပေါင်းစုအခြေပြုရာ မိမိတို့ဒေသကို စစ်ဆင်ရေးတွေ အဆက်မပြတ် လုပ်ဆောင်လာမယ်၊ ဒါကို ရင်ဆိုင်ဖို့ အဖက်ဖက်က ပြင်ဆင်ရမယ်။ ဒီလုပ်ငန်းရဲ့ ကျယ်ပြန့်ကြီးမားတာကို တာဝန်ယူ မထမ်းဆောင်နိုင်လို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီလိုခေါင်းဆောင်ဖို့အတွက်လည်း သက်ဆိုင်ရာလူမျိုးစုတွေက သူတို့အဖွဲ့အစည်းအတွင်းမှာ “တပ်ပေါင်းစု” ဆိုတာအတွက် တညီတညွတ်ထဲသော သဘောတူညီချက်ကို မချမှတ်နိုင်သေးလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကတော့ လူမျိုးစုတွေရဲ့ ပင်ကိုယ်လက္ခဏာ အကန့်အသတ်ကြောင့်လည်း ဖြစ်နိုင်သေး တယ်။

အခုတော့ တိုက်ပွဲတွေဟာ တိုင်းပြည်နဲ့အဝန်းမှာ အချိုးအစားမညီမျှပဲ ဖြစ်ပွားနေတယ်။ အဲဒီလို တိုက်ပွဲတွေ အချိုးအစား မညီမညာ ဖြစ်ပေါ်နေမှုကပဲ အကြမ်းဖက်(စကစ)စစ်အုပ်စုအတွက် တကွက်ချင်း တဖွဲ့ချင်း ရှင်းလင်းချေ မှုန်းနိုင်ဖို့ အခွင့်သာချက် ရမြဲရနေစေတယ်။ အင်အားစုအားလုံးကသာ အရှေ့အနောက် – တောင်မြောက် အချိတ်အ ဆက်မိမိ လှုပ်ရှားကြတယ်၊ တိုက်ခိုက်ကြတယ်ဆိုရင် အကြမ်းဖက် (စကစ)စစ်အုပ်စုအတွက် ဒီ့ထက်ပိုပြီး အထိနာစေ မှာပါ။ ဒီလိုအထိနာစေမှုက သူတို့တပ်တွင်းကို ကြီးကြီးမားမား ဂယက်ရိုက်စေမှာပါ။

အထက်က အခြေအနေတွေဟာ ကျနော်မြင်တဲ့ ကျနော်သုံးသပ်မိတဲ့ “ညီညွတ်ရေးတပ်ပေါင်းစု” ပေါ်မလာနိုင် သေးတဲ့ လက်တွေ့အနေအထားတွေပါပဲ။ ဒီအနေအထားတွေကို လက်တွေ့ကျော်လွှားကြရမယ့်သူတွေဟာ နွေဦး တော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG/CRPH နဲ့ လူမျိုးစုတော်လှန်ရေး အဖွဲ့အစည်းတွေ ကိုယ်တိုင်ပါပဲ။

ဒီနေရာမှာပဲ ဖြစ်နိုင်တဲ့ လက်တွေ့ကစပြီး တပ်ပေါင်းစုကို ဖွဲ့ရမယ်ဆိုတဲ့ ကိစ္စဟာ စတင်ပါတယ်။ ကျနော်တို့ ဟာ လောလောဆယ်မှာ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သေးတဲ့ – ဖြစ်လာဖို့လည်း အခြေအနေ၊ အချက်အလက် တွေ မရှိသေးတဲ့ ကိစ္စကြီးတွေကို ကိုယ်စီကိုယ်ငှ ခဏသိမ်းထားကြပြီး လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို စတင်လုပ် ကိုင်ကြဖို့ပါ။

ရန်သူဟာ ငါတို့ဒေသကို ဗုံးမကြဲသေးဘူး။ လက်နက်ကြီးနဲ့ မပစ်ခတ်သေးဘူးဆိုတာ ယာယီအခြေအနေ ဖြစ် ပါတယ်။ လက်တွေ့ ပစ်ခတ်ခံနေရတဲ့၊ ဗုံးကြဲခံနေရတဲ့၊ မီးရှို့ခံနေရတဲ့ အဲဒီဒေသတွေပြီးရင် ငါတို့လည်း အဲဒီလိုအဖြစ် မျိုး ကြုံရနိုင်တယ်ဆိုတဲ့ တော်လှန်ရေးအသိ – တော်လှန်ရေးစာနာမှု – တော်လှန်ရေးမြော်မြင်မှုနဲ့ စဉ်းစားဆင်ခြင်ကြရ မှာ မဟုတ်ပါလား။
အခုကာလမှာ “မင်းကိုထိပါးတာ ငါ့ကိုထိပါးတာပဲဆိုတဲ့ စိတ်ဓာတ်မျိုး”နဲ့ လူမျိုးစုတွေစုစည်းထားတဲ့ “ညီညွတ် ရေးတပ်ပေါင်းစု”တစ်ခု ဦးစွာပထမ ပေါ်လာသင့်ပါတယ်။ ပြီးတော့ ဖက်ဒရယ်ဆိုတာ အကြမ်းဖက်(စကစ)စစ်အုပ်စု ဆီမှာ မရှိပါဘူး။ “၂၀၀၈ အခြေခံဥပဒေဘောင်”ထဲမှာလည်း မရှိပါဘူး။ ဒါ့အပြင် ဖက်ဒရယ်ဟာ NUG/CRPH ဆီမှာ လည်း မရှိပါဘူး။

“အကြမ်းဖက်(စကစ)စစ်အုပ်စုနဲ့ ၂၀၀၈ အခြေခံဥပဒေ”ကို အကုန်အစင် ဖျက်သိမ်း ချေမှုန်းပစ်နိုင်တဲ့ အခြေခံအပေါ်ကနေသာ တိုက်ပွဲဝင်သူ အားလုံးက တန်းတူရည်တူ ဒီမိုကရေစီနည်းကျ ဝိုင်းဝန်းတည်ဆောက်ယူကြရ မယ့်ကိစ္စတွေသာ ဖြစ်ပါတယ်။
အကြမ်းဖက်(စကစ)စစ်အုပ်စုက ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ ပေးမယ်/ခွင့်ပြုမယ်လို့ လေသံပစ်နေ တဲ့ အချိုသပ်ချော့မြှူနေတဲ့ “ဖက်ဒရယ်”ဆိုတာ စစ်ဘုရင်ကြီးက ဒေသခံ စစ်ဘုရင်ငယ်တွေကို အချိုးကျ သတ်မှတ် ခွဲဝေ ပေးသနားမယ့် “စစ်ပဒေသရာဇ်ဖက်ဒရယ်”မျိုးသာ ဖြစ်ပါတယ်။