ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာများဘက် လက်နက်ကြီး နေ့စဥ်ပစ်ခတ်မှုလုပ်ဆောင်နေပြီး ၎င်းတို့စခန်းမတိုက်ခံရရေး လုံခြုံရေးသတိဖြင့် နေထိုင် နေကြရကြောင်း ဒေသတွင်း ကရင်နယ်ခြားစောင့်တပ် -BGF သတင်းအရင်းအမြစ်က ပြောသည်။
မေလနှင့် ဇွန်လဒုတိယအပတ်အထိ စစ်ကောင်စီတပ်က ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း ပိုမိုလုပ်ဆောင်လာနေသလို KNLA ပူးပေါင်းတပ်များဘက်မှလည်း ဒရုန်းဗုံးချတိုက်ခိုက်မှု၊ စနိုက်ပါပစ်ခတ်မှုများ တန်ပြန်တိုက်ခိုက်နေသည့်အတွက် စစ်စခန်းများ မတိုက် ခိုက်ခံရရေး နေ့စဥ်လက်နက်ကြီး ခြောက်လှန့်ပစ်ခတ်၍ နေထိုင်နေကြရကြောင်း ကေအိုင်စီသို့ ပြောသည်။
“စစ်တပ်နေရာတွေက ညဆိုလက်နက်ကြီးက အနည်းဆုံး ၃ လုံး ၄ လုံးပစ်ထုတ်ပြီး သူတို့အသင့်ရှိတယ် ပုံစံမျိုးနေ့တိုင်း ပစ်ခတ်နေရတယ်။ နေ့ဘက်ဆိုလည်း သေနတ်ဖောက်တာက အမြဲလုပ်နေရတယ်။
မိုးပေါ်က ဒရော့ဗုံး(ဒရုန်းဗုံးသီး) ကျလာမလား၊ လက်လုပ်လက်နက်ကြီး၊ ရှော့ခ်တိုက်ဒုံးသီးကျလာမ လားဆိုတာ ဆက်သွယ်ရေးမြောင်းထဲကနေစောင့်ကြည့်ရင်းနေနေရတယ်။ ငါတို့ BGF ကရင်တပ်တွေ က လည်း ငါတို့နေရာ လာတိုက်မခံရဖို့ လုပ်ရတာပဲ၊ စနိုက်ပါ ချောင်းပစ်တာလည်းရှိတော့ စခန်းထဲမှာ ဟိုလျှောက်၊ ဒီလျှောက်တောင် သိပ်မရဲဘူးဖြစ်နေတယ်”ဟု ကျုံဒိုးနွားခြံကုန်းဒေသ BGF စစ်ရေး သတင်း အရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် မတ်လ၊ ဧပြီလနှင့် မေလအတွင်း ကျေးရွာများဘက်မှ စစ်တပ်ထောက်ခံသူနှင့် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများအား KNLA ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိလာလျှင် စစ်တပ်ကို သတင်း ပေးရမည်ဟု ချိတ်ဆက် စီစဥ်ထားမှုအရ KNLA /PDF ပူးပေါင်းစစ်ကြောင်းများ ကျေးရွာ များ ဘက်ရောက်လာလျှင် စစ်တပ်ကို သတင်းလှမ်းပေးသည့်အတွက် စစ်တပ်မှ ကျေးရွာများ ဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
ထိုဖြစ်စဥ်များကြောင့် ကျေးရွာသားနှင့် ကျေးရွာနေအိမ်များ ထိခိုက်ပျက်စီးသေဆုံးဒဏ်ရာရကြပြီး စစ် တပ်သတင်းပေးများအား ဒေသခံများတွေ့မြင်ကြားသိကြသည့်အခါ မိမိတို့လုပ်ရပ်အပေါ်ကြောက်ရွံ့ ၍ စစ်တပ်ရှိရာ မြို့ဘက်သို့ တိမ်းရှောင်နေထိုင်မှုများရှိနေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ မေလတုန်းက စစ်တပ်က ရွာတွေကို လက်နက်ကြီးပစ်တာအရပ်သားတွေ အိမ်ထိလူထိ ဖြစ်ကြ တော့ ရွာသားအချင်းချင်း ဘယ်သူစစ်တပ်ကို သတင်းပေးလဲဆိုတာသိကုန်တော့ တချို့စစ်တပ် ထောက်ခံပြီး စစ်တပ်ကို သတင်းပေးတဲ့ ရွာသားတွေ မနေရဲကြတော့ဘူး။ မြို့တက်ပြေးကုန်ပြီ။
သူတို့က စစ်တပ်ကို ဖုန်းဆက်သတင်းပေးတော့ ရွာထဲစစ်တပ်က အလုံးကြီးပစ်ထည့်ကိုယ့်ရွာသားတွေ ထိခိုက်၊ သေ၊ အိမ်ပျက်ခြံပျက်တာတွေဖြစ်ကုန်တော့ သူတို့လည်း ဆက်ပြီးသတင်းပေးမလုပ်ရဲ ကြ တော့ဘူး။ စစ်တပ်ထဲပြောင်းတာတို့၊ မြို့ပေါ်ပြောင်းနေတာတို့ ဖြစ်ကုန်တယ်”ဟု ကော့ကာကျေးရွာ သားက ပြောသည်။
လက်ရှိ KNU တပ်မဟာ ၆ နယ်မြေအတွင်းတွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ဘုရားသုံးဆူ ၊ မြဝတီ၊ ဝေါလေဒေသများတွင် ပြောက်ကျားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ် လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃၀,၀၀၀ သောင်းကျော် နေရပ်စွန့်ခွာ ရှောင်တိမ်းနေထိုင်ရဆဲ အခြေ အနေအဖြစ် ဆက်ရှိနေကြောင်း နယ်မြေတွင်း စစ်ရှောင်အရေးအကူအညီပေးနေသူများ၏ သတင်းအချက်အလက်များအရ သိရသည်။



















