Home သတင်း KNU ဖားအံခရိုင်ခေါင်းဆောင်များ ဦးဆောင်၍ ပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေး

KNU ဖားအံခရိုင်ခေါင်းဆောင်များ ဦးဆောင်၍ ပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေး

981

ဇွန်လ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဖားအံခရိုင်၊ တပ်မဟာ(၇) ခေါင်းဆောင်းများဦးဆောင်၍ ဒုံရင်းမြို့နယ် အတွင်းရှိ ပြည်သူများကို တစ်ပတ်ကြာ အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ မျက်စိခွဲစိတ်ကုသပေးမှုတွင် ကရင်လက်နက်ကိုင်စည်းလုံးညီညွှတ်ရေးကော်မတီ (UCKAG)၏ အစီအစဉ်ဖြင့် ဖားအံခရိုင်ခေါင်းဆောင်များမှ ဦးဆောင်မှုပြုကာ ယခုဇွန်လ ၁၄ရက်မှ ဇွန်လ ၂၀ရက်နေ့ထိ (၁) ပတ်ကြာ အခမဲ့ကုသမှုပြုလုပ်‌ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအစီအစဉ်တွင်ပါဝင်ကူညီပေးသည့် ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)မှ တာဝန်ရှိသူ တစ်ဦးက ယခုလိုပြောသည်။

၎င်းက”ဖားအံခရိုင် က ခေါင်းဆောင်ပဲ ဦးဆောင်လုပ်တယ်။ လုပ်တာက ၆ လပိုင်း ၁၄ ရက်ကနေ ၂၀ရက်ထိပေါ့ နော်။ UCKAG ရဲ့ အခမဲ့နယ်လှည့်မျက်စိခွဲစိတ်ကုသ‌‌ရေး အစီအစဉ်ဖြစ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ယင်းအခမဲ့မျက်စိကုသပေးမှုအစီအစဉ်ကို ဖားအံခရိုင်၊ဒုံရင်မြို့နယ်အတွင်းရှိ နောင်သာယာ ကျေးရွာတွင် ကုသပေးနေပြီး မြို့နယ်အတွင်းရှိ ပြည်သူလူထုအများအပြား လာရောက်ကုသမှု ခံယူခဲ့ကြပြီး တစ်ပတ်အတွင်း လူဦးရေး မည်မျှ ခွဲစိတ်ကုသမှု ပေးနိုင်ခဲ့သည်ကိုမူ အတိအကျ မသိရသေးကြောင်း လည်း အဆိုပါ လူငယ် တာဝန်ရှိသူက ဆက်ပြောသည်။

“အယောက်၄၀၀ကျော်လာရောက်ကုသတယ်လို့ကြားတယ်။အယောက်၄၀၀ကျော်ထဲမှာ တစ်ချို့ကမျက်စိခွဲ စိတ်ရမဲ့သူပါမယ်။တစ်ချို့က မျက်မှန်တပ်ရမဲ့သူပါမယ် ။လာရောက်ပြသတဲ့လူများသားပဲ။အခုက မပြီးသေး တော့ လူဦးရေကအတိအကျမသိရသေးဘူ”ဟု ပြောသည်။

၎င်းမျက်စိ အခမဲ့ ခွဲစိတ်ကုသမှု အစီအစဉ်အဖွင့်တွင် ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို စောအောင်မော်အေး၊ တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒိကွယ်တို့မှ တက်ရောက်အားပေးခဲ့ပြီး ဒေသခံ သက်ကြီး ရွယ်အို အများအပြား လာရောက် မျက်စိ ကုသမှု ခံယူခဲ့ကြကြောင်း ဒေသခံများကဆိုသည်။

အဆိုပါ မျက်စိ ခွဲစိတ်ကုသမှု သွားရောက် ပြုလုပ်ရာ နေရာသည့် ဒေသခံ ကရင်လူမျိုးများအပြင် ဗမာ နှင့် မွန်လူမျိုးများလည်း နေထိုင်ကြပြီး ယခုလို ကေအဲန်ယူမှ မျက်စိကုသမှု အခမဲ့ လာရောက် ပြုလုပ်ပေး သည့်အပေါ် အံ့ဩ ဝမ်းသာမိကြောင်း ဒေသခံများက ပြောဆိုကြကြောင်း အဆိုပါ အစီအစဉ်တွင် ပါဝင် ကူညီပေးသူ တစ်ဦးက ယခုလိုပြောသည်။

“အဲ့နေရာမှာက ကရင်တွေပဲမဟုတ်ဘူး။ ဗမာကော မွန်ကော ရှိကြတယ်။ အခုလို ကေအဲန်ယူ လာပြီးလုပ်ပေး တော့ သူတို့ တအားအံ့ဩ ဝမ်းသာကြတာ။ ဘာဖြစ်လဲဆိုတော့ သူတို့ ကြားဖူးတာက ကေအဲန်ယူက ဒီလို လုပ်ပေးနိုင်တာမျိုးမရှိဘူးပေါ့။ အကြမ်းဖက်အဖွဲ့လိုမျိုးလောက်ပဲ သိထားကြတာတဲ့” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း နယ်လှည့် မျက်စိ ခွဲစိတ်ကုသမှု ပြုလုပ်ခြင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို ဆေးဌာနမှ ဒေါက်တာ စောနေဆဲမှ ဦးဆောင်ပြီး ကရင်ပြည်နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေအပြင် ယခင်လများအတွင်းက ကရင်နီပြည်နယ်တွင်လည်း သွားရောက် ကုသမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။