ဇွန်လ(၂၀)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းတွင် ပြီးခဲ့သည့်အပတ်ကစ၍ လက်ရှိအချိန်ထိ နယ်မြေခံတော် လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက စစ်ဆေးရေးပိုမိုတင်းကြပ်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်း အရင်း အမြစ်များမှ သိရသည်။
လက်ရှိ ကရင်နီနှင့် ရှမ်းပြည်နယ်စပ်ဖြစ်သော သံတောင်ကြီးမြို့မြောက်ပိုင်းရှိ ယာဒိုကျေးရွာအထက်ပိုင်းနှင့် သောက်ရေခပ်-ယာဒို လမ်းပိုင်းရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင်သာမက စစ်တောင်း မြစ်ကူး တံတား နှင့် ကူးတို့ဆိပ်များတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ယခင်ကထက် စစ်ဆေးရေး ပိုကြမ်းလာသဖြင့် သွားလာရသတိထားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲတွေကြောင့်ရော ရိက္ခာသယ်လို့ရော စစ်ကြတာပါ။ လိပ်သိုကျော်ပြီးဆိုတာနဲ့ ပြည်သူ့ စစ် တပ်ဖွဲ့ကလူတွေနဲ့စစ်သားတွေပေါင်းပြီး စစ်တော့တာပဲ။ လမ်းတွေမှာ စစ်တပ်ဘက်က ကင်းပုန်း လာဝပ် နေတာတွေလည်းရှိတော့ အရမ်းသတိထားပြီးသွားလာရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့က ဆိတ်ဖူးကုန်းရွာဟောင်းမှ မိအိကြီးရွာသို့သွားရာလမ်းပိုင်းတွင် နယ်မြေခံတော်လှန်ရေးတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်လေးဦး ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ၏ပစ်ခတ်တိုက်ခိုက်ခြင်းခံရ၍ နှစ်ဦးထွက်ပြေးလွတ်မြောက်သွားသော်လည်း နှစ်ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ထိုသို့တိုက်ခိုက်ခဲ့သည့်စစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက ဇွန်လ(၁၈)ရက်နေ့တွင် တုံ့ပြန် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်တံခါးလမ်းအထက်နှင့် တောင်ငူ-လိပ်သို လမ်းရှိ စစ်ကောင်စီဂိတ်စခန်းများမှ စစ်ဆေးရေးပိုမိုတင်းကြပ်လိုက်ကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ)ကာကွယ်ရေးတပ်ဖွဲ့-NTDF နှင့် ဒေသခံများကပြောသည်။

NTDF ၏ပြန်ကြားရေးတာဝန်ခံဗိုလ်မုတ်ဆိတ်က “မြောက်ပိုင်းနယ်မြေတစ်ခုလုံးကတော့ အစစ်အဆေး၊ အဖမ်းအဆီးကြမ်းနေတယ်။ တိုက်ပွဲက ဆည်တော်မှာ သူတို့စခန်းကို တစ်ရက်တည်းနှစ်ကြိမ် ကျနော်တို့ သွားတိုက်တယ်။ နောက်တပ်ကူလာတဲ့စစ်ကြောင်းနဲ့ စုစည်းရွာအောက်ဘက်နားမှာ တစ်ကြိမ် တိုက်ပွဲ ဖြစ်တယ်။ ကျနော်တို့ရဲဘော်တွေကို ချောင်းပြီးလာတိုက်တဲ့စစ်ကြောင်းကိုလည်း ပြန်ပိတ်ပြီးတိုက်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
NTDF နှင့်ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့်ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှအယောက် ငါးဆယ်ထက်မနည်း ထိခိုက်သေဆုံး၍ လက်နက်နှစ်လက်သိမ်းဆည်းရမိခဲ့သလို NTDF ဘက်မှလည်း နှစ်ဦးကျဆုံး၍ တစ်ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မုတ်ဆိတ်က ဆက်ပြောသည်။
သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်အတွင်းရှိပြီး သံတောင်မြောက်ပိုင်းဒေသသည် နယ်မြေခံ NTDF ၏ စိုးမိုးမှုအားကောင်းသော ဒေသတစ်ခုဖြစ်၍ စစ်ကောင်စီတပ်များနှင့်မကြာခဏဆိုသလိုတိုက်ပွဲများဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီမှ လက်နက် ကြီး၊လက်နက်ငယ်များဖြင့် အရပ်သားနေထိုင်ရာကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ(၁၇)ရက်နေ့ မနက်ပိုင်းက သံတောင်-ဘောဂလိလမ်းတွင် နှစ်ဖက် တိုက်ခိုက် မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတုံ့ပြန်ပစ်ခတ်သဖြင့် ချောင်းနှစ်ခွ ကျေးရွာသို့ ကျရောက် ပေါက်ကွဲပြီး ဒေသခံအမျိုးသမီးကြီးတစ်ဦး ဦးခေါင်းကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။



















