Home သတင်း နယ်မြေစိုးမိုးရေးလုပ်ရာတွင် စစ်ကောင်စီနှင့်ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးအရေးယူနေကြောင်း SOFထုတ်ပြန်

နယ်မြေစိုးမိုးရေးလုပ်ရာတွင် စစ်ကောင်စီနှင့်ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးအရေးယူနေကြောင်း SOFထုတ်ပြန်

943

ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နှင့်သံဖြူဇရပ်ကြားရှိ မော်လမြိုင်−ရေး−ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၈ ရက်နေ့မှစ၍ နယ်မြေစိုးမိုးရေးလုပ်ရာ၌ စစ်ကောင်စီတပ်နှင့်ပတ်သက်သူ ၄ ဦးကိုဖမ်းဆီးပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOFက ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ အသွားအလာလှုပ်ရှားမှုများကို စစ်ဆေးစောင့်ကြည့်လျက်ရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးယူ၍ ကားများကို စစ်ဆေးမှုများကို ပြုလုပ်နေစဉ် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF ၏ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

၄င်းက” ဖမ်းမိတဲ့လူကိစ္စကတော့ တပ်ရင်း ၂၇ ဆက်ပြီးဆောင်ရွက်နေတယ်။ နယ်မြေစိုးမိုးရေးကတော့ ခုက ရေးနဲ့ သံဖြူဇရပ်ကြားပဲ။ စကစဘက်က လက်နက်ကြီးပစ်တာ တော်လှန်ရေးအဖွဲ့ဝင်တွေကို ထိခိုက်မှုမရှိပါဘူး။ ရွာထဲကိုရော ရွာနားကိုပါကျတယ်”ဟုပြောသည်။

ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေစဉ် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီ၏ အမြှောက်တပ်ရင်း (အမတ-၃၁၇)မှ (၈၁ မမ) လက်နက် ကြီးဖြင့် နီးစပ်ရာကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင်ရာဘာခြံများလည်း ပျက်စီးခဲ့ သည်ဟု SOF က ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ထားဝယ်နှင့်ဘိတ်သွားရာ အမှတ် ၈ လမ်းမကြီး တစ်လျှောက်တွင် သွားလာသည့် မော်တော်ယာဉ်များအနေဖြင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က ကားများကို ရပ်တန့် စစ်ဆေးရာတွင် ကြည်ဖြူစွာရပ်တန့်ပေးကြရန်လည်း KNLA တပ်ရင်း ၂၇ ဌာနချုပ်က အသိပေးစာ ထုတ်ပြန် ခဲ့သေးသည်။

ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ လမ်းမကြီးအပေါ် ကားများကို ရပ်တန့်စစ်ဆေးမှုများနှင့် စစ်ကောင်စီ တပ်နှင့် ဆက်နွယ်သူများကို ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံ တစ်ရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။