Home သတင်း ကော်သူးလေနယ်မြေတွင် ဇွန်လပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့

ကော်သူးလေနယ်မြေတွင် ဇွန်လပထမပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ဖြစ်ပွားခဲ့

981

ဇွန်လ ၁၂ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေဖြစ်သော ကော်သူးလေဒေသတွင် ယခုဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း နွေဦးမော်ကွန်း(Spring Archive) မှ စောင့်ကြည့် လေ့လာမှတ်တမ်းတင်ထားသော အချက်အလက်များကိုအခြေခံ၍ ယမန်နေ့ ဇွန်လ(၈)ရက်နေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည် ဇွန်လ(၂)ရက်နေ့နံနက်တွင် ကေအဲန်ယူ တပ်မဟာ (၆)ထိန်း ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် အပတ်အတွင်း ပထမအကြိမ် လေကြောင်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအပြင် ကော့ကရိတ်မြို့ နယ်၊ ဆံဖလားကျေးရွာစာသင်ကျောင်းသို့ ထိုနေ့ နံနက်ပိုင်းတွင်ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒုတိယအကြိမ် လေကြောင်းအသုံးပြု၍ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းဆောင်ပျက်စီး၍ လူနေအိမ်(၄)လုံး ကျည်စထိမှန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့နောက် ဇွန်လ(၆)ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင် နတ်သံကွင်းမြို့နှင့်အနီးရှိ စစ်ကောင်စီတပ်စခန်း(၅)ခုအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းသို့ ရက်သတ္တပတ်အတွင်း တတိယအကြိမ်အဖြစ် လေကြောင်းမှ ဗုံးကြဲပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း ကော်သူးလေဒေသတွင် ဒေသခံထိခိုက်သေဆုံးခြင်းနှင့် နေအိမ်အဆောက်အဦးထိခိုက်ပျက်စီးခြင်းများရှိခဲ့ပြီး ထိုသို့ စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်‌စောင့်ကြည့်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ နွေဦးမော်ကွန်း၏အယ်ဒီတာတစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်က ပြည်သူတွေအပေါ် အကြမ်း ဖက်နေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေနဲ့ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို လူမှုကွန်ရက် ပေါ်ကနေ စောင့်ကြည့်လေ့လာပြီး ကျမတို့ Archive အတွင်းမှာ ထိန်းသိမ်းထားပါတယ်။ နစ်နာသူတွေအတွက် တရားမျှတမှုနဲ့ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူ တာဝန်ခံမှု ရှိလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Spring Archive ကို အရပ်ဖက်အဖွဲ့အစည်း တွေကနေ စတင်ထူထောင်ပြီးတော့ အချက် အလက် စုဆောင်းနေတာပါ”ဟု ၎င်းက ပြောသည်။

ND-Burma ၏ နွေဦးမော်ကွန်းမှ မှတ်တမ်းတင်ပြုစုထားသောအချက်အလက်များကို အခြေခံသည့်ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့်အပတ်အတွင်း စစ်ကောင်စီသည် ကော်သူး လေဒေသများအပါအဝင် ရှမ်းပြည်နယ်တွင်လည်း လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့သလို စစ်ကိုင်းနှင့်မန္တလေးမှ ဒေသခံပြည်သူ ခုနှစ်ဆယ်ကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်တွင်လည်း အမျိုးသမီးနှစ်ဦးအား စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့မှပြည်သူတစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့ ကြောင်းလည်း ND-Burma ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ၏လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် ၃ ခုနှင့် တိုင်းဒေသကြီး ၅ခုတွင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်အရ သိရှိရသည်။