Home သတင်း သံတောင် ဒေသခံ (၇)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

သံတောင် ဒေသခံ (၇)ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

864

မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃) မိုင်ရပ်ကွက်(၁)တွင် နေထိုင်သူ ဒေသခံအမျိုးသား (၇) ဦးကို ယနေ့ မေလ ၁၉ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

တပ်အင်အား ၂၀ ကျော်ခန့်ပါ သံတောင်မြို့အခြေစိုက် အဆိုပါ စစ်ကောင်စီတပ်သည် ၎င်းဒေသခံ အမျိုးသား ၇ဦးကို ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ အိမ်တွေကို တက်မွှေနှောက်တယ်။ ပြီးတော့ PDF ကလေးတွေကို သူတောင်းစား တွေရှိလား ဆိုပြီး အဲလိုမေးတယ်။ PDF ကလေးတွေ မတွေ့တော့ တွေ့တဲ့လူကို ဖမ်းသွားတာ။ အဲဒီ အဖမ်းခံရတဲ့လူ တွေက တကယ်ရပ်ကွက်နေလူထုတွေပဲ။ ဖမ်းသွားတဲ့လူတွေကို အနောက်ကနေ သံကြိုးတုပ်တော့ သူတို့က လေးတွေတွေ့တော့ ကလေးတွေက အော်ငိုတာပေါ့။ ဘယ်ကို ဖမ်းသွားလဲဆိုတာ သူတို့ မပြောဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသား (၇)ဦးမှာ အသက် ၂၀ ကျော်မှ ၄၀ နှစ်အထိပါဝင်ပြီး အချို့မှာ နေအိမ်တွင်ရှိစဉ် ဖမ်းဆီးခံရသလို အချို့က တောင်ငူမှအိမ်ကို ပြန်လာစဉ်လမ်းတွင် ဖမ်းဆီးခံရသူနှင့် ရော်ဘာခြံမှ နေအိမ်အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆက်ပြောသည်။

သံတောင်(၁၃ မိုင်)တွင် ဒေသခံတစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံများ ၃၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်နေထိုင်ကြကြောင်း၊ စစ်ကောင်စီတပ်မှ ဒေသခံများကို ယခုလို ဖမ်းဆီးမှုများလုပ်ဆောင်သည့်အတွက် အချို့မှာ ကြောက်လန့်၍ ပြန်လည် ထွက်ပြေးတိမ်းရှောင်သူရှိကြောင်း ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

ထို့အပြင် သံတောင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာ ဆန်နှင့် ဆေးဝါးသယ်ဆောင် ခွင့်ပိတ်ထားသည့်အတွက် ဒေသခံအချို့သည် စားနပ်ရိက္ခာနည်းပါးလာကာ နေထိုင်စား သောက်ရေးအတွက် အခက်အခဲရှိလာကြောင်းလည်း ဒေသခံများက ပြောသည်။

သံတောင်မြို့ထဲတွင် ပြီးခဲ့သည့် မေလ ၄ရက်နေ့မှစတင်၍ မတ်လအထိတွင် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်နေအိမ်နှင့် ကေအဲန်ယူ တပ်ဖွဲ့ဝင် နေအိမ်အပါအဝင် အရပ်သားနေအိမ် အလုံး ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို မြို့ထဲတွင် လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်လေ့ရှိသည့်အတွက် ရပ်ကွက်တွင်းနေထိုင်သည့် အရပ်သားထိခိုက်သေဆုံးမှုလည်းရှိသည်ဟု ဒေသခံထံမှ သိရသည်။