Home သတင်း မြဝတီတောင်ဘက် ပနွယ်ဖိုးကလိုးရွာ ဒုတိယအကြိမ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုရားကျောင်းအပါအဝင် နေအိမ် ၈ လုံးပျက်စီး

မြဝတီတောင်ဘက် ပနွယ်ဖိုးကလိုးရွာ ဒုတိယအကြိမ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဘုရားကျောင်းအပါအဝင် နေအိမ် ၈ လုံးပျက်စီး

1312
Photo: KNDO

မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီတောင်ပိုင်း) မောခီးကျေးရွာအုပ်စု ခလယ်လောကျယ်(ပနွယ်ဖိုးကလိုး) ကျေးရွာတွင် မေလ ၂၃ ရက်နေ့ ညအချိန်တွင် စစ်ကောင်စီ၏ ဒုတိယအကြိမ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအဝင် လူနေအိမ်အဆောက်အဦး (၈)လုံး ပျက်စီးသွားကြောင်း သိရ သည်။

ယမန်နေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ပနွယ်ဖိုးကလိုးရွာရှိ ဒေသခံအမျိုး သမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ သူတို့လာပစ်တဲ့အချိန်က လူတွေအိပ်တဲ့အချိန်ဖြစ်ပြီး ဘုရားကျောင်းနေရာမှာလာပစ်တာ ဘုရားကျောင်းတစ်ခုလုံးပျက်သွားတယ်။ ပြီးတော့ ဘုရားကျောင်းဘေးက အိမ်တွေကလည်းထိတယ်။ လာပစ်တဲ့အချိန်က အိမ်မှာလူတွေရှိအိပ်တယ်။ ကံကောင်းလူတွေက တစ်ယောက်မှမထိသွားတာ။ အဲလိုလာပစ်တော့ရွာကလူတွေက ညတွင်းချင်း ထွက်ပြေးတိမ်းရှောင် နေရတာပေါ့”ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်နေရာသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA(၂၀၁) တပ်ရင်းနယ်မြေထဲတွင်ရှိပြီး ယမန်နေ့၊ နေ့လည်အချိန်တွင် မောခီးနှင့် ကနဲလေးဘက်တွင် KNLA ၂၀၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း ၈ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခြင်းရှိခဲ့ပြီး ညအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာထဲ တွင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံ KNLA တာဝန်ရှိသူများက ပြောသည်။

Photo: KNDO

“ တိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲကြောင့် လေယာဉ်နဲ့လာပစ်တာလို့ထင်တယ်။ ဒါပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့နေရာ ၂နေရာနဲ့ ဗုံးလာကြဲတဲ့နေရာက မဆိုင်ဘူးသွားရဝေးတယ်။ မောခီးနဲ့က အကွာအဝေး ၆ ကီလို ၇ကီလိုလောက်ရှိသေးတယ်” ဟု KNLA(၂၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင်လည်း အဆိုပါပနွယ်ဖိုးကလိုးကျေးရွာတွင် ပထမ အကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။