Home သတင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဆောထိ ကရင်အရပ်ဖက်အဖွဲ့အစည်း ကန့်ကွက်ရှုတ်ချ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဆောထိ ကရင်အရပ်ဖက်အဖွဲ့အစည်း ကန့်ကွက်ရှုတ်ချ

1174

မေလ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ညောင်လေးပင်ခရိုင်  ဆောထိ(ရွှေကျင်)မြို့နယ်ရှိ ဒေသခံပြည် သူများနေ ထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်းများ ကျူးလွန်နေသော စစ်ကောင်စီအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆောထိမြို့နယ် ကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့အစည်းက ယမန်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ညောင်လေးပင်ခရိုင်ရှိ ဆောထိမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ညောင်ပင်သာကျေးရွာ အတွင်းမှ ကလေးလူကြီးပါမကျန် အိမ်ထောင်စု ၈ စု လူဦးရေ ၂၀ ခန့်ကို အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ် ခဲ့ခြင်းနှင့်ပတ်သက်၍ လူသားမဆန်စွာ လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် ပြင်းထန်စွာကန့်ကွက်ရှုတ် ချရခြင်းဖြစ်ကြောင်း ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်း၏ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ရဲ့ဒေသခံပြည်သူတွေကို လူသားချင်းစာနာမှု လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့အပေါ်မှာ ကျနော်တို့ဘက်က လက်ခံလို့မရတဲ့အနေအထားပေါ်မှာ ရှိတဲ့အတွက်ကြောင့် လုံးဝလည်းလက်မခံပါဘူး။ စစ်ကောင်စီရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဒေသခံပြည်သူတွေအပေါ် တအားကြီးကို ကျူးလွန်လာတဲ့ အပေါ် ကျနော်တို့ရဲ့ သဘောထားတွေကို လူသိကမ္ဘာသိအောင် ထုတ်ပြန်လိုက်တာပါ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လူ့အခွင့်အရေးအတွက် ပါဝင်လှုပ်ရှားနေသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများနေဖြင့် စစ်ကောင်စီ တပ်က ဒေသခံပြည်သူလူထုများအပေါ် ဖိနှိပ်နှိပ်စက်နေမှုများနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးသွားရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

လတ်တလောတွင်လည်း စစ်ကောင်စီတပ်များက ညောင်လေးပင်ခရိုင်ရှိ ဆောထိမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တပ်စွဲထားလျက်ရှိကြောင်း ၎င်းဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့အစည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူက ဆက်ပြောသည်။

၎င်းက “အခုဆိုရင် ကျောက်ကြီး၊ မုန်း၊ ဆောထိ မြို့နယ် ၃ ခုလုံးမှာ စစ်ရှောင်နေရတာအများဆုံးပါပဲ။ တပ်စွဲ ထားတဲ့ ဆောထိဘက်မှာတော့ ညောင်ပင်သာရွာနဲ့ အနီးအနားကျေးရွာမှာ စွဲထားတာရှိတယ်။ ပြီးတော့ ဒီမုန်း မြို့နယ် နတ်သံကွင်း လမ်းဘေးတစ်လျှောက်ပေါ့နော် အနီးအနားကျေးရွာတွေမှာ တပ်စွဲထားပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်သည် မုန်းမြို့နယ် ညောင်ပင်သာရွာထဲကို ဝင်ရောက်ကာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် အစုအပြုံလိုက်မီးရှို့သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ပြီး ၎င်းလုပ်ရပ်အပေါ် ကေအဲန်ယူ အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

အလားတူ ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ရှိ ပိုးလိုးနိုဖိုကျေးရွာတွင် စစ်ကောင်စီ တပ်များက နေအိမ် ၂ လုံးနှင့် လယ်ဝိုင်းကြီးကျေးရွာမှ နေအိမ်စုစုပေါင်း ၄၂ လုံး၊ စာသင်ကျောင်း ၁ လုံး ၊ နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ မူကြိုကျောင်းနှင့် အဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။