Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ကမိုင်ကုန်းရွာတွင် ဈေးဆိုင်တစ်ဆိုင်မီး လောင်ပျက်စီး

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ကမိုင်ကုန်းရွာတွင် ဈေးဆိုင်တစ်ဆိုင်မီး လောင်ပျက်စီး

958

မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

‌KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊‌ ကော့ကရိတ်မြို့နယ်အနီး ကမိုင်ကုန်းကျေးရွာ တွင် ယမန်နေ့ မေလ ၂၂ရက်၊ ည ၇ နာရီခွဲဝန်းကျင်က ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ စျေးဆိုင်တစ်ဆိုင်မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အမည်မဖော်လိုသူ ကမိုင်ကုန်းရွာသူတစ်ဦးက “ညကလက်နက်ကြီးကျည်တွေအများကြီးကျတယ်။ အလုံးများ‌တော့ ည ၇နာခွဲမှာ ကမိုင်ကုန်းက ဆိုင်တစ်ဆိုင်ထိပြီး မီးလောင်သွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ထိမှန်ပြီး မီးလောင်ပျက်စီးသွားသောစျေးဆိုင်မှာ လွန်ခဲ့သည့်လပိုင်းက ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့သည့်စျေးဆိုင်တစ်ဆိုင်ဖြစ်သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

“ဆိုင်ကပိတ်ထားတာကြာပြီး။ တိုက်ပွဲတွေအပြင်းအထန်ဖြစ်တုန်းက ပိတ်လိုက်တာ၊ ပစ္စည်းတွေ သိပ်မရှိတော့ဘူး။ အိမ်သုံးနည်းနည်းပါးပါးပဲရှိတော့တယ်။ မီး‌လောင်တဲ့‌နေရာက ကမိုင်ကုန်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနားမှာ အဲ့‌နေရာက ဘယ်သူမှမရှိတော့ဘူး။ ရွာသားတွေက ရွာ အောက်ပိုင်းမှာရွှေ့နေတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၁၃ရက်နှင့် ၁၄ ရက်နေ့များတွင် ကော့ကရိတ်မြို့နှင့် ကြာအင်း ဆိပ်ကြီး၊ ကျိုက်ဒုံးလမ်းအပြင် ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိမြို့အဝင်လမ်းများအားလုံး မြေတူး စက်ဖြင့် ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်လုပ် ဆောင်နေ ကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ ကော့ကရိတ်မြို့မြောက်ပိုင်း KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ နယ်မြေအတွင်း ကျေးရွာများဘက်တွင်လည်း ပြီးခဲ့သည့် ဧပြီလမှစ၍ ယခုမေလအထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးမှုပိုအဖြစ်များလာနေသည်ဟု ဒေသခံရွာသားများက ပြောသည်။