မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ မြို့အဝင်အထွက်လမ်းများအားလုံးကို ယမန်နေ့မေလ ၁၃ရက်နေ့တွင် စစ်ကောင်စီတပ်က ဘက်ဟိုးယာဉ်ဖြင့် လာရောက်ဖျက်ဆီးပစ်လိုက်ကြောင်း ကော့ကရိတ် ဒေသခံများက ပြောသည်။
အဆိုပါလမ်းများသည် ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ပြည်သူလူထုများ အ သက်မွေးဝမ်း ကျောင်းပြုရာလမ်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ယခုလိုလုပ်ရပ်သည် လူထုများဒုက္ခရောက်အောင် တမင်ကြံရွယ်သည့်သဘောဖြစ်ကြောင်း အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးက ယခုလို ပြောသည်။
” ကမိုင်ကုန်းလမ်း၊ ကျိုက်ဒုံလမ်း၊ မြေနီလမ်း အဲ့ဒီသုံး လမ်းလုံးဖျက်ဆီးသွားတယ်။ ဒီလမ်းတွေက ကော့ကရိတ်မြို့နဲ့ ကျေးရွာဘက်ကို ကုန်စီးဆင်းမှုတွေ ရွာသူ/ရွာသားတွေ ဈေးရောင်းဈေးဝယ် အဓိက အသုံးပြုတယ်။ စစ်ကောင်စီက ဒီဘက်ခြမ်းက ရွာသူ/ရွာသားတွေ ဒုက္ခရောက်အောင်၊ ရိက္ခာပြတ်အောင် ဘက်ဟိုးနဲ့ ထိုးပြီးသစ်ပင်နဲ့ ပိတ်ချတာလုပ်တယ်။ စစ်ကောင်စီက ဒီဘက်လူထုတွေ ဒုက္ခရောက်အောင် တမင်ကြုံရွယ်ပြီးလုပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် ပြည်သူလူထုများ ငတ်ပြတ်အောင်လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်အုပ်ချုပ်၊ မင်းလုပ်သူအနေဖြင့် ယခုလိုမလုပ်ဆောင်သင့်ကြောင်း ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာမှ စျေးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “သူတို့(စစ်ကောင်စီ)တွေစိတ်ထဲမှာ ရန်သူကိုလုပ်တာလား၊ ရွာသားတွေ ငတ်ပြတ်အောင်လုပ် တာလားမသိဘူး။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူအနေနဲ့ ဒီလိုမလုပ်သင့်ဘူး။ ဒီလိုလုပ်တာတော့ ကျမတို့ လူထုတွေငတ်ပြတ်ကုန်မယ်။ ရွာသားတွေက ဒေသထွက် အသီးအနှံတွေမြို့ထဲသွားရောင်းတယ်။ ပြန်ဝယ်စားတယ်။ မြို့ထဲပေးမသွားတော့ရင် ဘယ်လိုလုပ်စားတော့မလဲ။ လုပ်စားလို့မတတ်တော့ဘူး”ဟု ပြောသည်။
ကော့ကရိတ်မြို့တွင်းရှိ ပြည်သူလူထုများသည် ယခုလ မေလတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီး စစ်ဆေးခံရသူ အများအပြားရှိပြီး စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း ခလရ ၉၇ တပ်နှင့် လှိုင်ဝအမြှောက်ကုန်းမှလည်း ကျေးရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများနေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။



















