မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် မိုးဦးကာလစရောက်လာ၍ စစ်ရှောင်ပြည်သူများအတွက် နေရာထိုင်ခင်းနှင့် အမိုးအကာများအရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ဘေး ရှောင် ကူညီသူများထံမှသိရသည်။
ပြီးခဲ့သည့်မေလ ၁၁ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီပြည် နယ်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပြည် သူများ အနေဖြင့် နေထိုင်ရေး အခက်အခဲဖြစ်လာသောကြောင့် နေရာထိုင်ခင်း နှင့် အမိုးအကာလို အပ်မှုများရှိနေခြင်းဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဒါရိုက်တာ ကိုဗညား က ယခု လိုပြောသည်။
၎င်း “၁၁ရက်၊ ၁၂ရက်၊ ၁၃ရက်ဝန်း ကျင်မှာတော့မိုးတော်တော်လေးများ သွားတယ်။ သွားရေး လာရေးလည်း ခက်ခဲသွားတယ်။ တောထဲကစစ်ဘေးရှောင်တွေ လည်း အမိုးအကာ အခက်အခဲရှိတယ်ဆိုတာ တင်ပြထားတာတွေ၊ စာပို့ထား တာတွေရရှိတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
အလားတူ ကရင်နီပြည်နယ်ရှိစစ်ဘေးရှောင်များ နေထိုင်ရာအဆောက်အအုံများသည် အမိုးအကာများ လုံလောက်မှုမရှိသောကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် နေရေးထိုင်ရေးနှင့် ကျန်းမာရေးအတွက် ပိုမိုခက်ခဲစေကြောင်း စစ်ဘေးရှောင်များကပြောသည်။
“တဲဆောက်ထားတာက အမိုးအကာတွေမလုံလောက်ဘူ။ လုံခြုံမှုလည်း မရှိတော့ နည်းနည်းလုံတဲ့အိမ် မိုးမယိုတဲ့အိမ်တွေရွှေ့နေရတာပေါ့။ တဲတွေမလုံခြုံတော့ အများ အားဖြင့် သက်ကြီးရွယ်အိုပိုင်းတွေ ကလေးငယ်တွေ အခက်အခဲရှိတယ်။ စိုးရိမ်ရ တယ်။ ကလေးငယ်တွေက မိုးအေးတော့ ရင်ကြပ်တာရှိတယ်။ အခုလည်း မိုးရွာရင်တော် တော်ရွာတယ်။ နေပူပြန်လည်း တော်တော်ပူတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
ကရင်နီပြည်နယ်တွင် နယ်မြေခံ ကရင်နီတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့် စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် နယ်မြေခံ ပြည်သူလူထု ၂ သိန်းကျော်ခန့် စစ်ဘေးရှောင်နေကြရပြီး ၎င်းတို့အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်း ကူညီသူ များထံမှ သိရသည်။



















