Home ဆောင်းပါး (၆၅)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ “သဝဏ်လွှာ”ကို သုံးသပ်ခြင်း

(၆၅)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ “သဝဏ်လွှာ”ကို သုံးသပ်ခြင်း

904
Photo: Crd.

(၆၅)နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ “သဝဏ်လွှာ”ကို သုံးသပ်ခြင်း

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ မေလ ၂၄ရက်)

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က (၆၅)နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားသို့ပေးပို့တဲ့ သဝဏ်လွှာကို ဆိုရှယ်မီဒီယာပေါ်မှာ ဖတ်ရပါတယ်။

၁၉၅၈ခုနှစ်၊ မေလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ သျှမ်းအမျိုးသားတော်လှန်ရေးဟာ ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်မှာ (၆၅)နှစ်ပြည့်သွားတာပါ။ မြင်လွယ်အောင်ပြောရရင် ၆၅နှစ်ဆိုတာဟာ မျိုးဆက် ၃ဆက်မျှ ဖြတ်သန်းသွားတဲ့ အချိန် ကာလတစ်ခုပဲ မဟုတ်ပါလား။ ဒီလို ၆၅နှစ်တာ ကာလအတွင်းမှာ အမျိုးသားရန်သူကို ရင်ဆိုင်တိုက်ခိုက်ရင်း ကျဆုံး သွားတဲ့၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ သျှမ်းတော်လှန်ရေးသမားတွေကို ဦးညွှတ်အလေးပြုပါတယ်။

ကျနော်တို့ဟာ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကောင်းစွာ နားလည်နိုင်ဖို့ဆိုရင် ကျနော်တို့ကိုယ်တိုင်ပါဝင် ဖြတ်သန်း လာခဲ့တဲ့ အတိတ်ကာလကို ဆန်းစစ်လေ့လာကြပြီး အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို ထုတ်ယူမှသာ ဖြစ်နိုင်ပါလိမ့် မယ်။ အခြားနည်းလမ်း မရှိနိုင်ပါ။ အတွေ့အကြုံနဲ့ သင်ခန်းစာကို ထုတ်ယူတယ်ဆိုတာမှာလည်း ဘယ်လိုသဘောထား၊ ဘယ်လိုအမြော်အမြင်မျိုးနဲ့ ဘယ်လောက်အတိုင်းအတာအထိ လေးနက်ထုတ်ယူကြသလဲဆိုတဲ့ အချက်အပေါ်မှာ တည်နေပြန်ပါတယ်။

ပြည်သူကို ဦးထိပ်ထားတဲ့၊ ပြည်သူ့အကျိုးကို အစဉ်ရှေ့ရှုတဲ့ နိုင်ငံရေးပါတီတစ်ခု (သို့မဟုတ်) အမျိုးသားရေး တော်လှန်ရေးတစ်ရပ်ကို ဦးဆောင်ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတစ်ခုအတွက်ဆိုရင်တော့ ဒီထက်ပိုပြီး ကျယ်ဝန်းနက်ရှိုင်း တဲ့ အမြော်အမြင်မျိုးတွေနဲ့ အတိတ်ဖြတ်သန်းမှုတွေကို စနစ်တကျ လေ့လာသုံးသပ်ဖို့ ပိုပြီး လိုအပ်ပါတယ်။

တကယ်တော့ သင်ခန်းစာထုတ်ယူတယ်ဆိုတာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ (တစ်ဦးချင်းဆိုင်ရာ သို့မဟုတ် အဖွဲ့ အစည်းဆိုင်ရာ)ချို့ယွင်းချက်၊ လစ်ဟင်းချက်၊ အမှားအယွင်းနဲ့ တိမ်းစောင်းမှုတွေရဲ့ ဇစ်မြစ်နဲ့အကျိုးဆက် သက်ရောက် မှုတွေအားလုံးကို သုံးသပ်လေ့လာပြီး ဒီလို ချို့ယွင်းချက်မျိုး၊ လစ်ဟင်းချက်မျိုး၊ အမှားအယွင်းနဲ့ တိမ်းစောင်းမှုမျိုးတွေ ရှေ့ကာလမှာ ထပ်မံ မဖြစ်ပွားရလေအောင် တာဝန်ရှိတဲ့ တစ်ဦးချင်းစီကရော ပါတီအဖွဲ့အစည်းတစ်ရပ်လုံးပါ နိုးကြားမှု အပြည့်အဝနဲ့ လက်ရှိကာလမှာ လုပ်ငန်းတွေမှာ လုပ်ဆောင်သွားကြဖို့ပါပဲ။

ဘယ်သူ့ရဲ့အမှားအယွင်း၊ တိမ်းစောင်းမှုနဲ့ လစ်ဟင်းချက်ပဲဖြစ်ပါစေ အတိုင်းအတာမတူတဲ့အလျှောက် ရရှိလာ တဲ့အကျိုးဆက်ဟာ ကြီးမားကျယ်ပြန့်ပါတယ်။ အနိမ့်ဆုံးအားဖြင့် အချိန်တွေ၊ အသက်သွေးတွေ ပေးလိုက်ကြရတာပဲ မဟုတ်ပါလား။ အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် အတွေ့အကြုံတွေဟာ တန်ဖိုးကြီးကြီးမားမားတော့ ပေးကြရတာချည်း ပါပဲ။ ဒါကြောင့် အတိတ်ကာလ ဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ ပြီးစလွယ် မပြောဆိုသင့်ပါဘူး။

(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က (၆၅)နှစ်တာ ဖြတ်သန်းမှုကို သဝဏ်လွှာထဲမှာ “အဖွဲ့တွေများလို့၊ မတူ တဲ့ ရည်မှန်းချက်တွေရှိလို့၊ ညီညွတ်မှုအားနည်းလို့၊ အချင်းချင်းအကြား ကျဉ်းမြောင်းတဲ့ အယူအဆအမြင်ရှိလို့၊ အမျိုး သားရေးကို ဦးထိပ်မတင်လို့၊ ပုဂ္ဂိလ်ရေး၊ အဖွဲ့အစည်းအရေးကို အလေးထားပြီး အချင်းချင်းမတည့်ကြလို့၊ လေ့လာမှု အားနည်းပြီး နိုင်ငံရေး မရင့်ကျက်လို့၊ ကိုယ်လွတ်ရုန်းပြီး လက်ပိုက်ကြည့်နေသူများလို့၊ စုပေါင်းတိုက်ပွဲမဝင်လို့၊ ခေတ် အဆက်ဆက် နယ်ချဲ့ဖက်မှာရပ်တည်လို့၊ ငွေကြေးရှိတဲ့ဘက်မှာရပ်တည်လို့၊ သာတဲ့ဖက်ကိုကူးလို့” စသဖြင့် အကြောင်း ပြချက်တွေဖော်ပြပြီး “တော်လှန်ရေးပန်းတိုင် မရောက်နိုင်တာ – တော်လှန်ရေး မအောင်မြင်ရတာ” ကို သုံးသပ်ပြထား ပါတယ်။

ဒါ့အပြင် “ဝါဒ ၄မျိုး” (ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ဒီမိုကရေစီဝါဒ၊ ဘယ်ဝါဒကိုမှ မကြိုက်တဲ့ဝါဒ)ရှိ ကြောင်း မိမိတို့လူထုတွေက နိုင်ငံရေးအမြင်အားနည်းပြီး ရပ်တည်ချက် မခိုင်မာခြင်း၊ အလိမ်အညာခံရခြင်းကြောင့် လည်း ဒီနိုင်ငံရေးဝါဒတွေအကြားမှာ အချိန်တွေ ကုန်ဆုံးသွားခဲ့ရတယ်လို့ ၆၅နှစ်တာကာလကို သုံးသပ်ပြထားပါတယ်။

Photo: Crd.

သဝဏ်လွှာထဲမှာ ရေးသားထားတဲ့ ဒီအချက်အလက်တွေ၊ သုံးသပ်ချက်တွေကတဆင့် (၆၅)နှစ် ကြာမြင့်လာပြီ ဖြစ်တဲ့ သျှမ်းအမျိုးသားတော်လှန်ရေးအပေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ အမြော်အမြင်နဲ့ သဘောထားပုံနဲ့ နိုင်ငံရေးဗဟုသုတကို မြင်တွေ့ရပါတယ်။

တော်လှန်ရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ဟာ အောက်ခြေက ရဲဘော်တွေ၊ သာမန်ပြည်သူတွေထက် အမြော်အမြင်နဲ့ လေ့လာနားလည်မှုမှာ နှိုင်းယှဉ်ချက်အရ သာလွန်ပါတယ်။ ဒါကြောင့်လည်း သူ့အတိုင်းအတာနဲ့သူ ခေါင်းဆောင်မှုနေရာကို ရရှိထားကြတာ (သို့မဟုတ်) ရယူ ထားကြတာပဲ မဟုတ်ပါလား။ ဒါ့အပြင် ခေါင်းဆောင်တစ်ဦးတစ်ယောက်အတွက် ပိုအရေးကြီးတဲ့ အချက်တစ်ခုက ပွင့်လင်းရိုးဖြောင့်မှုနဲ့ ကိုယ်ကျိုးမရှာမှုဆိုတဲ့ အချက်မှာလည်း အများက စံပြုရသူ၊ အများက အသိအမှတ်ပြု လေးစားခံ ရသူဖြစ်ဖို့လည်း မလွဲမသွေ လိုအပ်ပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းတစ်ရပ်ရဲ့ ကောင်းမွေဆိုးမွေဆိုတာနဲ့ ပတ်သက်ပြီး လက်ရှိတာဝန်ယူထားတဲ့ တစ်ဦးချင်း ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှုအစုအဖွဲ့ (ဥက္ကဋ္ဌ – အထွေထွေအတွင်းရေးမှူး၊ CEC ပဲခေါ်ခေါ် – CC ပဲခေါ် ခေါ်၊ ဘယ်လိုပဲခေါ်ခေါ်)က တာဝန်ယူရမှာ၊ တာဝန်ခံရမှာပါ။ “ငါ (သို့မဟုတ်) ငါတို့ ကောင်းတယ် – မင်းတို့အောက်ခြေ နဲ့ ပြည်သူတွေက အသုံးမကျလို့ပါ” ဆိုပြီး လက်ညှိုးထိုး သုံးသပ်တဲ့ ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှုမျိုးဟာ ထိုက်တန်တဲ့၊ သိက္ခာရှိတဲ့ခေါင်းဆောင် သို့မဟုတ် ခေါင်းဆောင်မှုမျိုး ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပြီးတော့ ခေါင်းဆောင်နဲ့ သူ့မိသားစုက ပဒေသရာဇ်ဘုရင်လို – နယ်စား – မြို့စား – စော်ဘွားတွေလို ပြည်သူ တွေအပေါ် မိမိအဖွဲ့ဝင်တွေအပေါ် နိုင့်ထက်စီးနင်းလုပ်ပြီး ဗိုလ်ကျဖို့ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ အောက်ခြေက အဆင့်ဆင့်သော အဖွဲ့ဝင်တွေဟာ ကျေးကျွန်တွေ၊ အခြွေအရံတွေ၊ အခိုင်းအစေတွေ မဟုတ်ပါဘူး။

သဝဏ်လွှာထဲမှာ မတွေ့မိတဲ့အချက်တစ်ခုက ဒီနေ့ကာလရဲ့ အမျိုးသားရန်သူဟာ ဘယ်သူဖြစ်သလဲ၊ ဒီနေ့ကာ လရဲ့ အမျိုးသားရေးတာဝန်က ဘာလဲ၊ သွေးစည်းလက်တွဲရမယ့် မိတ်ဆွေအဖွဲ့အစည်းတွေက ဘာတွေလဲ၊ အောက်ခြေ အဖွဲ့အစည်းဝင်တွေအကြားမှာ၊ ပြည်သူတွေအကြားမှာ ရှောင်ကျဉ်ကြရမယ့်အချက်၊ မလွဲမသွေ လုပ်ဆောင်ကြရမယ့် အချက်က ဘာလဲဆိုတာကို ထည့်သွင်းရေးသားထားတာ မရှိပါဘူး။

ခေါင်းဆောင်တစ်ယောက်ဟာ လမ်းမှန်လမ်းဖြောင့်ကို စည်းရုံးညွှန်ပြ ရှေ့ဆောင်နိုင်ရမှာဖြစ်သလို တစ်ပြိုင် နက်ထဲမှာလည်း ချို့ယွင်းချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်လာရင်လည်း ဘယ်လိုပြင်ဆင်တည့်မတ်ရမယ် ဆိုတာ ကိုပါ အချိန်မီ ညွှန်ပြနိုင်ဖို့ လိုအပ်ပါတယ်။

ပုံပြင်ထဲမှာလိုပဲ သူ့သဘာဝအရ သူကိုယ်တိုင်လည်း ဘေးတိုက်ပဲသွားလာရတဲ့ ကဏန်းဘုရင်ကြီးဟာ သူ့တိုင်း သူပြည်သားကဏန်းတွေကို တည့်တည့်တန်းတန်းသွားဖို့ အမိန့်ပေးလို့၊ ညွှန်ကြားလို့ ဘယ်လိုမှ မဖြစ်နိုင်သလိုပါပဲ။ ကိုယ်က လမ်းမမှန်ဘဲ အများသူငါကို လမ်းမှန်ပြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

“လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ မိမိတို့တိုင်းပြည်၊ မိမိတို့လူထုရဲ့ ရေခံမြေခံသဘာဝနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် မိမိတို့အားလုံး အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားနိုင်မှာဖြစ်ကြောင်း” ဆိုတဲ့အချက်ကိုတော့ “စစ်အုပ်စု – စစ်အာ ဏာရှင်စနစ် – စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ” တည်ရှိနေသမျှ ကာလပတ်လုံး ဘယ်လိုမှ အကောင်အထည်ဖော် နိုင်မှာ မဟုတ်ပါကြောင်း” ဆိုတဲ့အချက်ကို အလေးအနက်ဖြည့်စွက်ပြီး သဘောတူနိုင်ပါကြောင်း ရေးသားလျက် (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ သဝဏ်လွှာကို လေ့လာသုံးသပ်ရေးသားလိုက်ပါတယ်။