Home သတင်း ကျိုက်ဒုံမြို့ပေါ် လက်နက်ကြီးပစ်ခတ်ခံရမှု ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရ

ကျိုက်ဒုံမြို့ပေါ် လက်နက်ကြီးပစ်ခတ်ခံရမှု ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရ

733
Photo: CJ

မေလ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ပေါ်သို့ ယမန်နေ့ နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့ ရပ်ကွက် (၁) နေ ကလေး ငယ်နှစ်ဦးလက်နက်ကြီးကျည်ထိမှန်ပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။

ကျိုက်ဒုံအခြေစိုက် စစ်ကောင်စီဗျူဟာကုန်းမှတဆင့် ကျိုက်ဒုံမြို့တွင်းသို့ လက်နက်ကြီးကျည် (၁၀) လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် တစ်အိမ်တည်းနေ ညီအစ်ကို နှစ်ဦးကို လက်နက်ကြီးကျည် ထိမှန် ခဲ့ခြင်းဖြစ်ပြီး အစ်ကိုဖြစ်သူမှာ ပွဲချင်းပြီးထိမှန်သေဆုံးကာ ညီဖြစ်သူမှာ ဆေးရုံတင်ထားရပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း အမည်မဖော်လိုသူ ကျိုက်ဒုံမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါပေမဲ့သူတို့ကို သူများသွားပစ်လို့လားမသိဘူး။ ဗျူဟာကုန်းကနေ ကျိုက်ဒုံမြို့ ပေါ်ကို လက်နက်ကြီး (၁၀) လုံးလောက်ရမ်းပစ်တာ။ အဲ့မှာ ရပ်ကွက် (၁) မှာနေတဲ့ ကလေး နှစ်ယောက် ကိုထိတာ။ သေသွားတဲ့ တစ်ယောက်က ကျောကုန်းကနေ လည်ပင်းကို ဖောက်ထွက်ပြီး ပွဲချင်းပြီး သေသွားတယ်။ သူ့ညီကျတော့ ဘယ်နားမှာထိလဲ မသိဘူး၊ ဆေးရုံတော့တင်လိုက်တယ်။ ဒါပေမဲ့ စိုးရိမ် ရတဲ့ အခြေအနေမှာရှိနေတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

Photo: CJ

လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် ညီအစ်ကို ၂ ဦးမှာ အသက် (၁၅) နှစ်အရွယ် စောသန်းနိုင်ဦး နှင့် အသက်(၈)နှစ် အရွယ်ရှိညီဖြစ်သူမှာ မောင်စန်းဦးတို့ ဖြစ်ကြပြီး စောသန်းနိုင်ဦးမှာ ကျောပြင်မှတဆင့် လည်ပင်ကို လက်နက်ကြီးကျည်စဖောက်ထွက်သွားပြီးပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့ပေါ် ရပ်ကွက်ရှိ နေအိမ်အချို့ ထိမှန် ပျက်စီး သွားသလို မြို့၏ ခန်းမဆောင်တစ်ခုလည်း ထိမှန်ပျက်စီးသွားကြောင်း ထိုကျိုက်ဒုံမြို့ခံက ဆက်ပြောသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုမတိုင်ခင် နံနက်ပိုင်းတွင် ကျိုက်ဒုံမြို့ အရှေ့တောင်ဘက်ရှိ ရဲတပ်သားများမရှိတော့သည့် အဇင်းရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့ပြီးနောက် ယခုလိုမြို့တွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။