မေလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဝင်းကရဲစခန်းနှင့်တောင်စွန်းရဲစခန်းတို့အား ယမန်နေ့ မေလ(၆)ရက်နေ့တွင် နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း ပစ်ခတ်မှုတွင်ပါဝင်သော တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။
ဘီးလင်းမြို့နယ်၊ ဝင်းကရဲစခန်းကို နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံး၍ ရဲစခန်းဝင်းအတွင်းမှ တုံ့ပြန်ပစ်ခတ်မှုများရှိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ပစ်ခတ်မှုတွင်ပူးပေါင်းပါဝင်ခဲ့သော ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “သူတို့ဘက်က ပြန်ပစ်တာတော့နည်းပါတယ်။ ရဲစခန်းဝင်းထဲမှာ သူတို့မိသားစုတွေလည်း ရှိနေတာတွေ့ခဲ့ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တစ်ချိန်တည်းတွင်ပင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တောင်စွန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၄)လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း KRF ၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
အဆိုပါပစ်ခတ်မှုများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အပါအဝင် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု(TPDF)၊ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ခမ်းဒေါမ်(PPDF-KD)၊ ဘီးလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် KRF ပါဝင်သော ပူပေါင်းတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့နယ် အခြေစိုက် တပ်မ(၄၄)ဌာနချုပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦးသေဆုံးပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများဘက်က ပြောဆိုသည်။
၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်း တပ်ဖွဲ့ဝင်များ၏အနီးတဝိုက်ကိုသာ ကျရောက်ပေါက်ကွဲ၍ အရပ်သားထိခိုက်မှုလည်းမရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း မေလ(၁)ရက်နေ့မှစ၍ စစ်ရေးအရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သဖြင့် အရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ စစ်ကောင်စီသတင်းပေးများ အစရှိသည်တို့မှ နီးကပ်စွာမနေထိုင်ကြရန် KRF က သတိပေးကြေညာထားပြီးနောက် ထိုကဲ့သို့ ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။