Home သတင်း ဖာပွန်-ကမမောင်းလမ်း ပိတ်ထားခြင်းကြောင့် လူထုများစားနပ်ရိက္ခာသယ်ယူရေး ခက်ခဲလာ

ဖာပွန်-ကမမောင်းလမ်း ပိတ်ထားခြင်းကြောင့် လူထုများစားနပ်ရိက္ခာသယ်ယူရေး ခက်ခဲလာ

541

မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အရပ်သားများ အသုံးပြုသွားလာနေသည့် ဖာပွန်−ကမမောင်း ကားလမ်းမတစ်လျှောက်ကို နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်က သွားလာခွင့်မပေးတော့ဘဲ တောလမ်းကြောင်းဘက်ကို ပြောင်းလဲအသုံးပြု သွားလာခိုင်းနေ သောကြောင့် ဒေသခံရွာသားများအနေဖြင့် စားနပ်ရိက္ခာသယ်ယူရာတွင် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယခင်က အဆိုပါကားလမ်းမကို အသုံးပြု၍တစ်လလျှင် ရိက္ခာဝယ်ယူခွင့် ၅ ရက်ပေးထားရာမှ ယခုအခါ အဆိုပါလမ်းပိုင်းတွင် BGF တပ်များက မြေမြှုပ်မိုင်းများ ထောင်ထားသောကြောင့် ဒေသခံရွာသားများကို သွားလာခွင့်မပေးတော့ဘဲ အခြားသော မြေနီလမ်းပိုင်းသို့ ပြောင်းလဲအသုံးပြုခိုင်းရာတွင် မိုးရွာသွန်းမှုကြောင့် လမ်းများပျက်စီးပြီး သွားလာသယ်ယူရေးအတွက် ခက်ခဲနေကြောင်း အမည်မဖော်လိုသူ ဖာပွန်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “၁ လမှာ ၅ ရက်ပဲစျေးဝယ်ရသေးတယ်။ ကွန်ကရစ်လမ်းမကြီးမှာက BGFတွေ မိုင်းထောင်ထားတော့ သူတို့ ပေးမသွားတော့ဘူး။ အခုမြေနီလမ်းကပဲပေးသွားတယ်။ သူတို့ပေးသွားတဲ့လမ်းကပဲသွားရတယ်။ မပေးသွားတဲ့လမ်းက သွားမရဲဘူး မိုင်းတွေရှိနေတယ်။ လမ်းက မိုးရွာထားတာတော့ ဗွက်တွေနဲ့ဆိုတော့ လမ်းပျက်နေတယ်လေ။ ဘယ်လိုမှ သွားရတာအဆင်မပြေဘူး။ တစ်ခါဆန်သွားဝယ်မယ်ဆိုရင် ၁ ရက်ခရီးကို ၃ ညလောက်လမ်းမှာ အိပ်ပြီး သွားနေရ တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ဖာပွန်−ကမမောင်းလမ်းပိုင်းကို အသုံးပြု၍ အခြေခံစားသောက်ကုန်အများအပြား သယ်ယူ ခြင်းကို တစ်လလျှင် ၅ ရက်ခန့်သာ သယ်ယူခွင့်ပြုထားသလို ဖာပွန်−ကမမောင်းနှင့် နီးစပ်သည့်ကျေးရွာများထဲတွင် လျှပ် စစ်ဓာတ်အားဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းကိုလည်း အကန့်အသက်ဖြင့်သာ ပေးဆောင်နေကြောင်း အဆိုပါ ဖာပွန်ဒေသခံ ကဆက်ပြောသည်။

“မီးက မလာတာကြာပြီး။ ကိုယ့်အိမ်နဲ့ကိုယ် ဆိုလာ (Solar) ဝယ်ပြီး သုံးနေရတယ်။ ဖုန်းလိုင်းကတော့ မနက် ၈ နာရီကနေ နေ့လည် ၁၂ ထိ ပုံမှန် သူတို့ဖြတ်နေကြပဲ” ဟု၎င်းဒေသခံက ပြောသည်။

ထို့အပြင် ဖာပွန်ဒေသခံရွာသားများအနေဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား စသည့် ကုန် ပစ္စည်းများကို နွေရာသီကာလများတွင် ကုန်းလမ်းကို အဓိကအားထားအသုံးပြု၍ သယ်ယူနေရသော်လည်း မိုးတွင်း အချိန်တွင် စက်လှေဖြစ်သာ သယ်ယူမည်ဖြစ်ကြောင်း စက်လှေမောင်းသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခုက ကိုးရိုးကားရားဖြစ်နေတယ်။ မိုးတွင်းလည်းမရောက်သေးတော့ ရေလမ်းက ပစ္စည်းတွေ သယ်ဖို့က ရေနည်းသေးတယ်။ ကုန်းလမ်းက ပစ္စည်းသယ်ရင်လည်း အခွန်အခက ဂိတ်တွေမှာ ပေးရတာ စျေးများတော့ အဆင်မ ပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဖာပွန်ဒေသတွင် နယ်ခြားစောင့်တပ်(BGF) စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ ဒေသခံရွာသားအချို့မှာ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။