ဇမိမြစ်ကမ်းနံဘေးက ကြာအင်းဆိပ်ကြီးမြို့ အကျဉ်းကျနေပြီလား?
စောမြတ်ဦးသာ
(မေ ၈ရက်၊ ၂ဝ၂၃ခုနှစ်)
“နေမဝင်ခင် ဈေးဆိုင်တွေ အမြန်သိမ်းပြီး နေအိမ်ကို တန်းပြန်ကြရတယ်။”ဟု ကြာအင်းဆိပ်ကြီးမြို့တွင် သီးစုံကြော် ရောင်းနေသူ အသက် ၅ဝအရွယ်ခန့်ရှိ အသားညိုညို ပါးနှစ်ဖက်တွင် သနပ်ခါးကွက်ကြား အမြဲလိမ်းထားသူ ဒေါ်သူဇာ(နာမည်လွှဲ) က ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ညနေ ၆ နာရီမှ နံနက် ၆နာရီအတွင်း စစ်ကောင်စီမှ အပြင်ထွက်သွားလာခွင့် ကန့်သတ်ပိတ် ပင်လိုက်သည့်အပေါ် ဒေါ်သူဇာက ညည်းတွားပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုကန့်သတ်ချက်များကြောင့် ကြာအင်းဆိပ် ကြီးမြို့ပေါ်ရှိ လူတန်းစား အလွှာပေါင်းစုံ အခက်အခဲ ဖြစ်နေကြရသည်။
ညနေပိုင်းအချိန်တွင်သာ ဖွင့်လှစ်ကြသည့် လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အားလုံး ပိတ်ထားလိုက်ရသည့်အတွက် အခြေခံလူထုအားလုံး စားဝတ်နေရေး ခက်ခဲသွားပြီး နေအိမ် ခြံ ပေါင်နှံရသည့် ဘဝသို့ များစွာ ရောက်ရှိသွားကြသည်။ ရွေးချယ်စရာအချိန် များများစားစား မရှိချေ။ နေမဝင်ခင် အချုပ်တန်းဆီ ပြန်ရ သလို မိမိတို့လည်း အချိန်မလင့်မှီ နေအိမ်သို့ ပြန်ကြရမည်။ ၎င်းတို့မြို့ကို ထိန်းချုပ်ထားသည့် မြို့စောင့် ငရဲသားများက သေနတ်ကိုယ်စီဖြင့် အသင့် စောင့်ဆိုင်းနေကြသည်။
“အချိန်နည်းနည်းလေး နောက်ကျတာနဲ့ သူတို့က သေနတ်နဲ့လှမ်းပစ်တယ်လေ။”ဟု ဒေါ်သူဇာက ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကို မာရှယ်လော(စစ်အုပ်ချုပ်ရေး) စနစ်ဖြင့် စီမံ ကိုင်တွယ်ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား တာဝန်အပ်နှင်းလိုက်သည်ဟု ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂ရက် နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ကြာအင်းဆိပ်ကြီးမြို့သည် ဒေါနတောင်တန်း၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး အတ္ထရံမြစ်၏ အရှေ့ဘက်ကမ်း ၂မိုင် ခန့်အကွာ ဇမိမြစ်၏ကမ်းနံဘေးတွင် တည်ရှိနေသည်။ ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက် ထုတ်ပြန်မှုစာရင်းအရ ကြာအင်းဆိပ်ကြီးတွင် လူဦးရေ စုစု ပေါင်း ၂သိန်းကျော်ရှိသည့်အနက် မြို့နေလူထု ၂သောင်းကျော်ရှိသည်ဟု သိရသည်။ မြို့ခံလူထုအများစုမှာ ကျေးလက် ဒေသထွက်သီးနှံများ ဝယ်ယူရောင်းချခြင်းနှင့် ကုန်ရောင်းကုန်ဝယ် လုပ်ငန်းများကိုသာ လုပ်ကိုင်ကြသူများသည်ဟု ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့အား ထိန်းချုပ်ထားသည့် ခြေလျင်တပ်ရင်း အမှတ် ၃၂ တပ်စခန်းသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ရက်နေ့ က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး စစ်ရဟတ် ယာဉ်များဖြင့် အကြိမ်ပေါင်း ၁ဝ ကျော် လာရောက်ဗုံးကြဲခဲ့ရာ အရာရှိနှင့် တပ်သားအများအပြား ထိခိုက်ကျဆုံးခဲ့သည် ဟု တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတွေဘက်မှ ပြောဆိုသည်။
၎င်းဖြစ်စဉ်များအပေါ် မြို့လုံခြုံရေးအတွက်အကြောင်းပြပြီး စစ်ကောင်စီမှ ကြာအင်းဆိပ်ကြီးမြို့နယ်အား စစ်အုပ်ချုပ် ရေး မာရှယ်လောနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုမှုများ ရှိသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဟု စစ်ကောင်စီမှ အကြောင်းပြပြီး ကုန်အရောင်းအဝယ်သာ လုပ်ကိုင် ကြသည့် မြို့နေလူထုများကို လိုသလို ၎င်းတို့စိတ်ကြိုက် ဖိနှိပ်အုပ်နေသည်။ မာရှယ်လောစတင် ထုတ်ပြန်သည့်နေ့ပင် အကြောင်းအမျိုးမျိုးကြောင့် ညနေ ၆နာရီကျော် အပြင်ထွက် သွားလာသူများကို စစ်ကောင်စီ မြို့စောင့်အဖွဲ့များက စတင် ပစ်ခတ်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်။ ယနေ့အချိန်ထိ မြို့ခံလူထု ၂ဝဦးကျော်အား ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသလို အချုပ်မှာပင် အသက်သေဆုံးသွားသူတွေရှိပြီး ဖမ်းဆီးခံရသူအချို့မှာ သေသည်၊ ရှင်သည်ကိုပင် သတင်းမရရှိကြတော့ ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။
“ပေါက်အင်းချောင်ရွာကနေ အရေးပေါ်လူနာတစ်ဦး မြို့ဆေးရုံကိုလာပို့တာ ၆နာရီကျော်သွားတယ်ဆိုပြီး လုံခြုံရေး အဖွဲ့တွေက သေနတ်နဲ့လှမ်းပစ်တယ်။ လူနာရော၊ လူနာသယ်လာသူတွေရော လမ်းမလယ်မှာ လဲကျနေတာကို ဘယ် သူမှ သွားကယ်လို့ မရဲဘူး။ ဘာဖြစ်သွားလည်း မသိရဘူး။ လမ်းမမှာပဲ သေသလား၊ ရှင်နေသေးလား သွားကြည့်လို့ လည်း မရဲဘူး။”ဟု မျက်မြင်မြို့ခံလူထုတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့ပေါ် ရပ်ကွက် ၆ခုနှင့် မင်္ဂလာ ကုန်းရွာတို့သာ ထိန်းချုပ်နိုင်တော့သည်။ မာရှယ်လောစည်းမျဉ်းကြောင့် မြို့ခံလူထုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက် နေလူထုတို့ ကူးလူးဆက်ဆံမှု မရှိတော့ပေ။ မြို့တွင်းသို့ ဒေသထွက်ကုန်များ လာရောက်ရောင်းချသူ မရှိတော့သလို ဈေးဝယ်သူများပါ မရှိတော့သည့်အတွက် ဈေးဆိုင်များ ပိတ်ထားလိုက်ရပြီး အချို့မှာ အခြားနေရာဒေသများသို့ ပြောင်း ရွှေ့သွားကြသူများလည်း ရှိသည်ဟု မြို့ခံ ဒေါ်သူဇာက ပြောသည်။
စစ်အုပ်ချုပ်ရေးကြောင့် မြို့ခံလူထုများ အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းသွားကြသည့်အတွက် မြို့နေလူထု သောင်းကျော်လောက်သာ ရှိတော့မည်ဟု မြို့ခံလူထုများက ပြောသည်။ ကျန်နေသည့် အခြေခံလူတန်းစား အများစု သည်လည်း ၎င်းတို့အုပ်ချုပ်မှုလက်အောက်တွင် ခက်ခဲစွာဖြင့် ရုန်းကန်ရှင်သန်နေကြရပြီး ၎င်းတို့ဘဝမှာ စစ်မြေပြင် ဒေသထက်ပင် နေ့စဉ် ငရဲကျနေရသလို ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီး မြို့မဈေးမှ စျေးသည်တစ်ဦးက “စစ်တပ်နဲ့နီးစပ်သူတွေက ချမ်းသာသထက် ပိုပြီးချမ်းသာလာကြ တယ်။ အခြေခံလူထုတွေကတော့ ဆိုင်လည်ပြုတ်တော့ ငွေကိုနေ့တိုးချေးဘဝနဲ့ တဖြည်းဖြည်းငတ်ပြတ်ကုန်ကြပြီး။ တခြားရွှေ့ပြောင်းဖို့လည်း ပိုက်ဆံမရှိဘူး။ ရှိတာလေးနဲ့ မနည်း အသက်ဆက်နေရတယ်။ သူခိုးတွေရော ဆေးသမား တွေလည်း များလာတော့ သူတို့ကိုပါ ကြောက်နေရပြန်တယ်။”ဟု ပြောသည်။
မာရှယ်လောလုပ်ပိုင်ခွင့်အား အကြောင်းပြကာ စစ်ကောင်စီနှင့် BGF -နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး မြို့ပေါ်သင်္ချိုင်း ကုန်းအနီးတွင် ကြက်၊ ဖဲ၊ အနီထောင်ဝိုင်းများကို ၂၄ နာရီလုံး ဖွင့်လှစ်ကြပြီး အဆိုပါနေရာတွင် WY မြင်းဆေးများပါ အလွယ်တကူ ဝယ်ယူ၍ ရနေသည်ဟု လောင်းကစားဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
“စစ်ကောင်စီနဲ့ BGF တွေပေါင်းပြီး မြို့ပေါ်မှာ လောင်းကစားဝိုင်းတွေ ဖွင့်ထားကြတယ်။ အနီးအနားမှာ စစ်သားတွေ လုံခြုံရေး စောင့်ထားပေးတယ်။ အဲ့နေရာမှာ မြင်းဆေးတွေလည်း အလွယ်တကူ ဝယ်လို့ ရတယ်။ မြို့ပေါ်မှာက ဆေးသ မားတွေ၊ သူခိုးတွေလည်း များလာတယ်။ သူတို့ကိုလည်း ကြောက်လန့်နေရသလို စစ်ကောင်စီတွေကိုလည်း ကြောက် နေရတယ်။ ဘယ်သူ့ကိုမှ အားကိုးတိုင်ကြားလို့ မရဘူး။”ဟု စစ်အုပ်ချုပ်မှုကို မလိုလားသည့် ကြာအင်းဆိပ်ကြီးမြို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့သည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် တစ်နာရီခရီးလောက်သာ ရှိနေသည့်အတွက် ပြည် ပထုတ်လူသုံးကုန်ပစ္စည်းများ စီးပွားဖြစ်ကူးသန်းရောင်းဝယ်နေကြသလို ဇမိမြစ်ကမ်းနဘေးတွင် မြို့တည်ရှိနေသည့်အ ပေါ် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းများပါ ခရီးသွားလာနိုင်ကြသည်။
ကုန်ရောင်းကုန်ဝယ်များဖြင့် စည်ကားလျက်ရှိသည့် ဇမိမြစ်ဆိပ်ကမ်းတွင် ရာဘာ၊ ပီလောပီနံ၊ ရှောက်သီး၊ သံပုရာသီး များ ထွက်ရှိပြီး မြစ်၊ ချောင်းများ ပေါများသည့်အတွက်လည်း သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုများနှင့် တစ်ဦးချင်း၊ တစ်မိသားစု ချင်း ဝင်ငွေများလည်း မြင့်မားခဲ့သည်။
“ညနေ ၆ နာရီထိုးတာနဲ့ အားလုံးနေအိမ်မှာပဲ တံခါးပိတ်နေကြရတယ်။ ဘေးနားက အိမ်လည်း သွားလည်လို့ မရဘူး။ ကလေးရော၊ သက်ကြီးသူတွေဆို ဘယ်မှသွားလာခွင့်မရှိတော့ အားလုံး မွန်းကြပ်ကုန်တယ်။ အရင်ကဆို ညနေစောင်း ရင် ဇမိမြစ်ဆိပ်ကမ်းကို သွားပြီးအပန်းဖြေကြတယ်ပေါ့နော်။ (ခုက) ညပိုင်းဆိုလည်း တစ်မြို့လုံးက စစ်သားတွေကားနဲ့ ကင်းလှည့်တာပဲ ရှိတော့တယ်။ ဒီအခြေနေကနေ ဘယ်တော့များ လွတ်မြောက်ပါ့မလဲ။”ဟု ဒေါ်သူဇာ က ညည်းညူပြောဆိုသည်။
နေအဝင် ညနေဆည်းဆာအချိန် မြို့၏အနောက်တောင်ဘက် ဇမိမြစ်တစ်ဖက်ကမ်းမှ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ ရှိမနေသည့် ကျေးလက်ဒေသတို့တွင် မြစ်ကမ်းတစ်လျှောက် လှေ၊ သဗ္ဗာန်ငယ်လေးများဖြင့် လွတ်လပ်စွာ လှော်ခတ် သွားလာနေကြသည်ကို မြို့ခံလူထုတို့က ၎င်းတို့၏ နေအိမ်အသီးသီးရှိ ပြတင်းပေါက်ဝတွင် လှမ်းမြင်နေကြရသည်။
ထိုမြင်ကွင်းသည် ညမထွက်ရ မာရှယ်လောအမိန့် ထုတ်ပြန်ထားသော စစ်ကောင်စီတပ် အုပ်ချုပ်ထားသည့်နယ်မြေနှင့် စစ်အုပ်ချုပ်မှုမရှိသည့်နယ်မြေရှိ နိုင်ငံသားတို့၏ မတူညီသည့် လွတ်လပ်စွာ နေထိုင်သွားလာခွင့်ကို မြင်တွေ့နိုင်ပြီး စစ်ကောင်စီတို့၏ တရားဥပဒေစိုးမိုးရေးထက် လူလူချင်း မေတ္တာတရားကင်းမဲ့ပြီး ချုပ်နှောင်ကာ နိုင်ထက်စီးနင်း ဖိနှိပ် အုပ်ချုပ်နေသည်ကို ဒေါ်သူဇာ၏စကားများက သက်သေပြလို့ နေသည်။
“တစ်မြို့လုံးက အကျဉ်းထောင်ကျနေသလိုပါပဲ။”ဟု ကြာအင်းဆိပ်ကြီးမြို့တွင် သီးစုံကြော်ရောင်းနေသူ အသက် ၅ဝအ ရွယ်ခန့်ရှိ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဒေါ်သူဇာက ကောက်ချက်ချ ပြောဆိုသည်။