မေလ ၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(မွန်ပြည်နယ် ရေးမြို့နယ်) ဘဲလမု ကျေးရွာအုပ်စု ဝါပသဲရွာထဲကို ယမန်နေ့ မေလ ၇ရက်နေ့တွင် စစ်ကောင်စီမှ စစ်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ ၅ဝဝ ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ဝါပသဲကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်မှ ယမန်နေ့ ည ၁၁ နာရီဝန်းကျင် အချိန် ဂျက်ဖိုက်တာတိုက်ခိုက်ရေးလေယာဉ်ဖြင့် လာရောက်ဗုံး ကြဲချသည့်အတွက် စာသင်ကျောင်းအဆောက်အဦး နှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိပြီး ကရင်တိုင်းရင်းသားအများစုနေထိုင်ကြသည့် ချောင်းနှစ်ခွ၊ ဘဲလမု၊ တာဖ ထော့၊ ဝါပသဲရွာနှင့် အခြားကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
“ ည ၁၁ နာရီလောက်မှာ ဗုံးနှစ်လုံးလာကြဲသွားတယ်။ တစ်လုံးပဲ ပေါက်တယ်။ ဝါပသဲရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရတယ်။ အဆောက်အဦးတွေ ထိမှန်ပျက်စီးတာရှိတယ်။ တိုက်ပွဲမရှိဘဲနဲ့ လာရောက်ဗုံးကြဲချတာပါ။ ရွာသားတွေတော့ ပြေးကုန်ပြီးလေ။ တော်လှန်ရေးစစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်” ဟု ဒေသခံ စောသူသူက ယနေ့ မေလ ၈ ရက်တွင် ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဗုံးကြဲခံရမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှ သိရသော်လည်း သက်ဆိုင်ရာအဖွဲ့များထံ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဝင်းရေးမြို့နယ် တောင်နောက်ခြမ်း ရေးဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၆ တို့၏ ထိန်းချုပ်သည့်နယ်မြေဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိသည်ဟု သိရသည်။
KNU ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်၊ အုန်းခြံရေပူကော့စပ်အနီးရှိ တိုက်ပွဲ ဖြစ်ပွားမှုမရှိသည့် ကျေးရွာများတွင် မေလ ၆ ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချပြီး လူနေအိမ် အဆောက်အဦးအချို့ မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရသည်။
ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီတိုက်ခိုက်ရေး လေယာဥ်များ နေ့စဥ်လာရောက်ဝဲပျံကင်းထောက်လှမ်းလျက်ရှိပြီး ယနေ့နံနက် ၁၁ နာရီကျော်အချိန်တွင်လည်း ဘဲလမုကျေးရွာအနီး၀န်းကျင်တွင် ဒုတိယအကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ရှောင်ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။


















