မေလ ၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားသော နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၀၇)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင်၏ သတင်းနှင့်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်ထားသည်။
ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း (၂၉)ကြိမ်အနက် စစ်ကောင်စီတပ် ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ(၂)ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ တပ်ရင်း၏ဗိုလ်မှူးနှင့် တပ်ရင်းမှူး အဆင့်ရှိသူ(၂)ဦး အပါအဝင် (၈၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် (၃)ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁၀)ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူပိုင်နေရာများသို့ လေကြောင်းပစ်ခတ်မှု (၃၁)ကြိမ်လုပ်ဆောင်၍ လက်နက်ကြီးပစ်ခတ်မှုပေါင်း တစ်ရာကျော် လုပ်ဆောင်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ၊ ဆေးပေးခန်းများ အပါအဝင် ဒေသခံနေအိမ်ပေါင်း (၃၀၀)ကျော် ထိခိုက်ပျက်စီးပြီး နေအိမ်(၁၂)လုံး မီးလောင်ပြာကျခဲ့ရသည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသော ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများ၊ သက်ကြီး ရွယ်အိုများပါဝင်နေသော နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၂ သောင်းကျော်အတွက် စားနပ် ရိက္ခာ၊ ဆေးဝါးနှင့် မိုးရာသီအတွက် အမိုးအကာများ ကူညီထောက်ပံ့ရန် လိုအပ်လျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်လျက်ရှိရာ အရပ်သားပြည်သူ(၂)ဦးအား သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူ (၁)ဦးအား ဖမ်းဆီး၍နှိပ်စက်ညှင်းပန်းခဲ့သည်ဟုလည်း ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် -KPSN ၏ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယခုနှစ် ဖေဖော်ဝါရီလအထိ စစ်ဘေးရှောင်ဦးရေ စာရင်းပြုစုချက်တွင် ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ကိုးသောင်းကျော်ရှိနေပြီး လူသားချင်းစာနာသည့် အကူအညီ အထောက်အပံ့များပေးရန် လိုအပ်နေသည်ဟု ဖော်ပြထားသည်။