ဧပြီလ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက် လာသောကြောင့် ပြည်သူများအနေဖြင့် သွားလာရေးနှင့်စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာအနီးတွင် ယမန်နေ့ ၁၉ရက်နေ့ ည ၉ နာရီ အချိန်ဝန်းကျင်ခန့်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကင်းလှည့်လည်ချိန် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ ကာ နှစ်ဖက်အပြန်အလှန်ထိတွေ့မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါလက်နက်ကိုင်မူးယစ်အဖွဲ့ ထွက်ပြေးလွတ်မြောက် သွားခဲ့သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံဒေသခံတစ်ဦးက “အခုဆို စစ်ကောင်စီလည်း ကြောက်ရတယ်။ အဲ့ဒီအဖွဲ့တွေလည်း ကြောက်ရတယ်။ အကုန်ကြောက်နေရတယ်။ ပြီးတော့ အဲ့ဒီအမည်မသိလက်နက်ကိုင်တိုးလာတာကတော့ ခမရ ၂၈၅ အောက် ထား ဝယ်မြို့အခြေစိုက် စစ်ကောင်စီစစ်တပ်မှာ ပျူစောထီးတွေကို စစ်သင်တန်းပေးနေတာ တွေရှိတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ စစ်သင်တန်းတစ်ခုပြီးသွားတယ်။ အဲ့လိုအဓိကလှုပ်ရှားနေတာကတော့ ထားဝယ်နယ်ခံ ပျူစောထီး တွေရယ်။ အဲ့ဒီသင်တန်းကဆင်းလာတဲ့ကောင်တွေရယ် အဲ့ဒီကောင်တွေပဲဖြစ်နိုင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အမျိုးအမည်မသိ လက်နက်ကိုင်အဖွဲ့နှင့် နယ်မြေခံလောင်းလုံပြည်သူ့ကားကွယ်ရေး တပ်ဖွဲ့များအကြား ထိတွေ့မှု ဖြစ်ပေါ် ခဲ့ပြီး ထွက်ပြေးသွားခဲ့ရာ ၎င်းတို့ဆီမှ လက်နက်နှင့် မူးယစ်ဆေးဝါးအချို့ ဖမ်းဆီးရမိ ခဲ့ကြောင်း လည်း လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “သူတို့အဖွဲ့ လက်နက်တွေကိုင်ထားလို့ လက်နက်ချဖို့ပြောတဲ့အခါ နားမထောင်ပဲ သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တယ်ခင်ဗျာ။ သူတို့ပစ်တာနဲ့ ရှောင်ပုန်း ပြီးပြန်ပစ်တဲ့အခါ ဆုတ်ပြေးသွားခဲ့ပါတယ်။ အထိအခိုက်ကတော့ မရှိပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အဆိုပါ မူးယစ်အဖွဲ့များနေထိုင်ရာ နေအိမ်အတွင်းဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အောက်တွင် ကျည် အသင့်ထိုးထားတဲ့ ဘော်ကာသေနတ် ၁ လက်၊ တူမီးသေနတ် ၂ လက်၊ ဂက်စ်သေနတ် ၁ လက်၊ ယမ်းဖူး များ၊ WY ဆေးပြား ၄၀၉ ပြား၊ ပုဆိန် ၁ လက်၊ ဓါးမျိုးစုံ ၆ လက်၊ ဆိုင်ကယ် ၁ စီး၊ ပိုက်ဆံ ၅၀,၃၀၀ ကျပ်နှင့် အခြား ပစ္စည်း များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့်နှစ်ဆန်း တစ်ရက်နေ့တွင် ထားဝယ်နှင့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား၂၀ ကျော်လွတ်မြောက်ခဲ့ပြီး စစ်ပြေးမှု၊ ရဲပြေးမှုနှင့် မူးယစ်ဆေးဝါးအမှုကြောင့် ထောင်ကျနေသူများသာ ပြန်လည်လွတ်မြောက်ခဲ့သောကြောင့် ယခုလို အမည်မသိ လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်မှုရှိနိုင်ကြောင်းကိုလည်း ဒေသခံများက သုံးသပ်ပြောဆို နေကြသည်။



















